ထိုင်းနိုင်ငံတွင် လူနာသစ်မတွေ့ရှိသည့်နေ့အဖြစ် စံချိန်တင်

ဘန်ကောက် ၁၆ ဇွန်


ထိုင်းနိုင်ငံတွင် ဇွန် ၁၅ ရက်က ကိုဗစ် - ၁၉ ကူးစက်ခံရသူ မတွေ့ရှိရဘဲ သေဆုံးသူလည်း မရှိသည့်အတွက် အန္တရာယ်များသည့် စီးပွားရေးလုပ်ငန်းများတွင် ကန့်သတ်ထားမှုများ နောက်ထပ် ဖြေလျှော့ပေးနိုင်ရေး ဦးတည်နေ ပြီဖြစ်သည်။


ထိုင်းနိုင်ငံတွင် ဇွန် ၁၅ ရက်က ညမထွက်ရအမိန့်ကို ဖယ်ရှားပေးခဲ့ပြီး ဖြစ်သည်။ ကိုဗစ် -၁၉ ကူးစက်ခံရမှုများ လျော့ကျလာပြီဖြစ်သော်လည်း ပြည်သူများ နေအိမ်မှအပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန် ကိုဗစ် -၁၉ အခြေအနေများ စီမံခန့်ခွဲရေးဆိုင်ရာ စင်တာမှ ပြောရေးဆိုခွင့်ရှိသူ သဝီဆင် ဗီဆာနုယိုသင်က ပြောသည်။


အဆင့်လေးဆင့် ဖြေလျှော့မှု ကာလအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သော်လည်း လုံခြုံရေးဆိုင်ရာ အစီအမံများကို ဖယ်ရှားရန် မသင့်သေးဟု ၎င်းက ဆက်လက်ပြောကြားသည်။ မေလနှောင်းပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံတွင် ဒေသတွင်းကူးစက်ခံရသူ နည်းပါးလာသည်ဟု ကိုဗစ် -၁၉ အခြေအနေများ စီမံခန့်ခွဲရေးဆိုင်ရာ စင်တာမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


ကူးစက်မှုအသစ်များမှာ ပြည်ပ မှ ပြန်လာသည့် ထိုင်းနိုင်ငံသားများ ဖြစ်ကြပြီး ကူဝိတ်နိုင်ငံမှ ပြန်လာသည့် နိုင်ငံသား ၁၇၄ ဦးတွင် ၃၄ ဦး၌ ကိုဗစ် -၁၉ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံမှ ပြန်လာသူ ၆၄၈ ဦးတွင် ၆၅ ဦးနှင့် ပါကစ္စတန်မှ ပြန်လာသူ ၁၉၆ ဦးတွင် ၁၃ ဦး ၊ ဆော်ဒီအာရေဗျမှပြန်လာသူ ၂၇၄ ဦး တွင် ၁၈ ဦး၊ ကာတာနိုင်ငံမှ ပြန်လာသူ ၂၁၆ ဦးတွင် ကိုးဦးအသီးသီး ကူးစက်ခံထားရသည်။


သေဆုံးသူ ၅၈ ဦးရှိပြီး လူပေါင်း ၉၀ မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူဆဲဖြစ်သည်။ ကိုဗစ် -၁၉ တိုက်ဖျက်ရာတွင် ပြည်သူများ၏ ကြံ့ကြံ့ခံ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့အတွက် ကျေးဇူးတင်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာက မီဒီယာမှတစ်ဆင့် ပြောကြားသည်။

 

ဆင်ဟွာ