ထင်ပေါ်ကျော်ကြားရတာကို မုန်းတယ်လို့ လေဒီဂါဂါပြော

၂၃ စက်တင်ဘာ

အဆိုတော် လေဒီဂါဂါဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှုကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လေဒီဂါဂါက ထင်ပေါ်ကျော်ကြားမှုဟာ ဘယ်လောက်တောင် တုန်လှုပ်စရာကောင်းသလဲဆိုတာရယ် ဘဝကိုလက်လျှော့လိုက်ဖို့အထိ စဉ်းစားမိတဲ့အကြောင်းကို စက်တင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ စီဘီအက်စ်နှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့ပါတယ်။

ထင်ပေါ်ကျော်ကြားရတာကို မုန်းတယ်၊ အနုပညာကြယ်ပွင့်ဖြစ်လာရတာ ကိုတောင်မှ မုန်းမိခဲ့တယ်လို့ လေဒီဂါဂါက ပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တောင် အကြိမ်ကြိမ်တွေးမိတယ်လို့ လေဒီဂါဂါက သူ့ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ပြောပြခဲ့ပါတယ်။ အဲဒီတုန်းက အခြေအနေတွေဟာ ဆိုးရွားခဲ့ပြီး လူတွေစောင့်ကြည့်နေတဲ့အိမ်ထဲမှာ နှစ်နှစ်နီးပါးနေခဲ့ရတယ်လို့ ပြောပါတယ်။ ပရိသတ်တွေဟာ လေဒီဂါဂါနဲ့ ဓာတ်ပုံရိုက်ဖို့ ဖုန်းကိုယ်စီနဲ့ စောင့်ဆိုင်းနေတဲ့အတွက် မိသားစုနဲ့တောင် ထမင်းအတူမစားနိုင်ဘူးလို့ လေဒီဂါဂါက သူကြုံတွေ့ရတာတွေကို ပြောပြပါတယ်။

အခုအခါမှာတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ အရင်ကထက် အများကြီး ပိုကောင်းလာပြီး ကိုယ့်ကိုယ်ကိုယ်လည်း မမုန်းတော့ဘူး၊ မိမိကိုယ် မိမိချစ်ခင်နှစ်သက်ရမယ့် နည်းလမ်းကိုလည်းတွေ့သွားပြီလို့ လေဒီဂါဂါက တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

စကိုင်းနယူးစ်