ထန်းတပင် လူထုရေဒီယို ခရေ FM နှင့် ဒေသခံရပ်ရွာလူထုတို့ရင်းနှီးစွာ တွေ့ဆုံ

ထန်းတပင် ၂၁  နိုဝင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အတွင်းသဲဖြူကျေးရွာ စုပေါင်းအားမာန်ရုံးတွင် တည်ရှိသည့် ထန်းတပင်လူထုရေဒီယို ခရေ FM အသံလွှင့်ရုံမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ဖျော်ဖြေရေးကဏ္ဍများအပြင် မြို့နယ်အတွင်း လှုပ်ရှားမှုသတင်းများကို (၂၀၁၈) ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ မြို့နယ်အတွင်းနေ့စဉ် ထုတ်လွှင့်ပေးလျက်ရှိရာ ပြန်လည် ထုတ်လွှင့်မှုများကို နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအချိန်တွင် လည်းကောင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုများကို မွန်းလွဲ ၂ နာရီမှ ၄ နာရီအချိန်အထိ လည်းကောင်း ထုတ်လွှင့်ပေးလျက်ရှိပြီး ရေဒီယိုများသာမက မိုဘိုင်းဖုန်း များဖြင့်လည်း 104.8MHz တွင် ဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။

 

ခရေ FM  ထန်းတပင်လူထုရေဒီယိုမှ နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိသည့် အစီအစဉ်များကို ဒေသခံ ပြည်သူလူထုများပိုမိုသိရှိစေရန်၊ ဒေသခံပြည်သူလူထုနှင့် ထန်းတပင်လူထု ရေဒီယိုတို့ကြား ပိုမိုရင်းနှီးနွေးထွေးမှုများရှိလာစေရန်အတွက် ယနေ့နံနက်ပိုင်းအချိန်က ဆတ်ကလေး ကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံရပ်ရွာလူထုနှင့် ရင်းနှီးစွာတွေ့ဆုံသည့် နယ်လှည့်ပွဲအစီအစဉ်ကို ခရေFM ထန်းတပင် လူထုရေဒီယိုမှ ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ကြသည်။

 

တွေ့ဆုံသည့် နယ်လှည့်ပွဲတွင် စုပေါင်းအားမာန် ကျေးရွာဖွံဖြိုးရေးဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဌေး၊ ဆတ်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနှင့် DW Akademie Project Manager Myanmar မှ Thomas Baerthlein တို့ကအမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး တွေဆုံမေးမြန်းခြင်း ကဏ္ဍအဖြစ် ခရေ FM ထန်းတပင်လူထုရေဒီယိုမှ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာ အကြောင်းအရာများကို ဒေသခံကျေးရွာနေပြည်သူများနှင့် တွေ့ဆုံမေးမြန်း တင်ဆက်ခဲ့ကြသည်။

 

ဒေသခံရပ်ရွာလူထုနှင့် ရင်းနှီးစွာတွေ့ဆုံသည့် နယ်လှည့်ပွဲအစီအစဉ်တွင် ဒေသခံကျေးရွာ နေပြည်သူများ၊ ကလေးငယ်များပါဝင်ကြသည့် ပျော်ရွှင်စရာ ဂိမ်းကစားနည်းများ၊ ကံစမ်းမဲအစီအစဉ်များ၊ ဇာတ်လမ်းသရုပ်ဖော်တင်ဆက်မှုများ၊ ဟာသလူရွှင်တော်များ၏ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များနှင့် တေးဂီတဖျော်ဖြေ တင်ဆက်မှုတို့ကို ထည့်သွင်းကာ ကျင်းပပြုလုပ်ခဲ့ကြပြီး တွေ့ဆုံသည့်နယ်လှည့်ပွဲသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံရပ်ရွာနေ ပြည်သူ(၅ဝဝ)ကျော်တို့ တက်ရောက်ခဲ့ကြသည်။

           

ဇင်မင်းထိုက် (ထန်းတပင် ပြန်/ဆက်)