ထူးခြားဆန်းပြား ကမ္ဘာတစ်ခွင်မှ သတင်းများ

၂၄  ဇန်နဝါရီ

 

TTS 001

 

ကမ္ဘာ့အရှည်ဆုံးကိတ်မုန့်ကို လုပ်နိုင်ခဲ့တဲ့ အိန္ဒိယသားများ

အိန္ဒိယနိုင်ငံဟာ ဒီတစ်ခါတော့ ကမ္ဘာ့မှတ်တမ်းတင်ရလောက်အောင်ကြီးမားတဲ့ ကိတ်မုန့်ကြီး ကို ဇန်နဝါရီ ၁၅ ရက်က လုပ်ခဲ့ပါတယ်။ ဒီလို ကမ္ဘာ့မှတ်တမ်းတင်ရလောက်တဲ့ ကိတ်မုန့်ကြီးကိုလုပ်ဖို့ မုန့်ဖုတ်သမားနဲ့ စားဖိုမှူးပေါင်း ရာချီပါဝင်ခဲ့ကြပါတယ်။ ဒီကိတ်မုန့်ကြီးကို အိန္ဒိယနိုင်ငံတောင်ပိုင်း ကမ်းခြေမြို့တစ်မြို့ဖြစ်တဲ့ ကီရာထရစ်ဆာမှာ လုပ်ခဲ့တာဖြစ်ပြီး ဒီမုန့်ကြီးဟာ ကမ္ဘာ့အရှည်ဆုံးကိတ်မုန့်ကြီးဖြစ်ကာ ၆ ဒသမ ၅ ကီလိုမီတာ (လေးမိုင်) ရှည်ပါတယ်။

ဒီကိတ်မုန့်ဟာ ဗင်နီလာကိတ်မုန့်ကြီးဖြစ်ပြီး အကျယ်နဲ့ အထူဟာ ၁၀ စင်တီမီတာ (လေးလက်မ) ရှိပါတယ်။ ဒီကိတ်မုန့်ကြီးရဲ့ စုစုပေါင်းအလေးချိန်ဟာ ၂၇၀၀၀ ကီလိုဂရမ် (၅၉၅၀၀ပေါင်) ရှိပါတယ်။ ရိုးရာဦးထုပ်ကို ဆောင်းထားတဲ့ မုန့်ဖုတ်သမားနဲ့ စားဖိုမှူးပေါင်း ၁၅၀၀ တို့ဟာ သကြားနဲ့ ဂျုံ ၁၂၀၀၀ ကီလိုဂရမ်ကို လေးနာရီကြာနယ်ပြီးတော့မှ အခုလို ကမ္ဘာ့အရှည်ဆုံး ကိတ်မုန့်ကြီးကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိတ်မုန့်ကြီးကို ဖြန့်ခင်းဖို့အတွက် စားပွဲခုံပေါင်း ထောင်ချီသုံးခဲ့ရပါတယ်။ ကီရာလာမုန့်လုပ်ငန်းရှင်များအဖွဲ့က ဦးစီးကျင်းပတဲ့ မုန့်လုပ်ပွဲတော်မှာ အခုလို ကမ္ဘာ့အရှည်ဆုံးကိတ်မုန့်ကြီးကိုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်လို့ အဲဒီအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် နော်ရှက်က ပြောပါတယ်။ ယခုပြုလုပ်ခဲ့တဲ့ကိတ်မုန့်ဟာ ၂၀၁၈ ခုနှစ်က တရုတ်နိုင်ငံသား မုန့်ဖုတ်သမားတွေ ရှီဒီစီရင်စုမှာ ပြုလုပ်ခဲ့ပြီး ဂင်းနက်စ်မှတ်တမ်းဝင်သွားတဲ့ ၃ ဒသမ၂ ကီလိုမီတာရှည်တဲ့ သစ်သီးကိတ်မုန့်ထက် ပိုပြီးရှည်ပါတယ်။ ယခု အိန္ဒိယသားများ ပြုလုပ်လိုက်တဲ့ ကမ္ဘာ့အရှည်ဆုံး ကိတ်မုန့်ရဲ့ အရသာနဲ့ သန့်ရှင်းမှုမှာ ဆိုဖွယ်မရှိ အထူးကောင်းမွန်ကြောင်းလည်း သိရပါတယ်။

အေအက်ဖ်ပီ

 

ဂြိုဟ်သားများကမ္ဘာပေါ်တွင် ရှိနိုင်သည်ဟု ပထမဆုံး ဗြိတိန်အာကာသယာဉ်မှူးပြော

မိမိတို့အနေဖြင့် သူတို့ကို မတွေ့မြင်နိုင်သော်လည်း ဂြိုဟ်သားများ တည်ရှိတယ်ဆိုတာ ဖြစ်နိုင်ကြောင်း ပထမဆုံး ဗြိတိန်အာကာသယာဉ်မှူးက ပြောကြားလိုက်ပါတယ်။

အာကာသပေါ်ကိုသွားခဲ့တဲ့ ပထမဆုံးအာကာယာဉ်မှူးက ဂြိုဟ်သားများ တည်ရှိနိုင်ကြောင်းနဲ့ သူတို့တွေ ကျွန်တော်တို့နားမှာ တည်ရှိနေနိုင်တယ်လို့ ပြောပါတယ်။ စကြဝဠာအပြင်ဘက်မှာ ကြယ်တွေ ဘီလီယံချီရှိကြောင်းနဲ့ ဒါတွေဟာ မတူညီတဲ့ပုံစံနဲ့ သက်ရှိတွေ ရှိနေတယ်ဆိုတာ ပြသတာပဲ ဖြစ်တယ်လို့ သူကပြောပါတယ်။ ဂြိုဟ်သားတွေဟာ လူတွေလို ကာဗွန်နဲ့နိုက်ထရိုဂျင်တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပေမယ့်လည်း သူတို့တွေ တည်ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ တွေ့ဖို့မလွယ်ပါဘူးလို့ သူက ပြောပါတယ်။

စကိုင်းနယူးစ်

 

TTS 003

 

နာဆာဂြိုဟ်တုရှာဖွေရေးသမားများ ကမ္ဘာ့အရွယ်အစားရှိ နေထိုင်ရန်သင့်တော်တဲ့ နေရာတစ်ခုကိုတွေ့ရှိ

နာဆာရဲ့ နေစကြဝဠာ လေ့လာရေးဂြိုဟ်တုဖြစ်တဲ့ တက်စ်ဟာ ကမ္ဘာ့အရွယ်အစားရှိတဲ့ နေထိုင်ရန် သင့်တော်တဲ့နေရာတစ်ခု ဂြိုဟ်တစ်ခုကို ကြယ်စုကြယ်ဝေးဇုန်တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက အဆိုပါတွေ့ရှိမှုကို အတည်ပြုခဲ့ကြပြီး TOI 700 dလို့ အမည်မှည့်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေက အဆိုပါနေရာဟာ ကမ္ဘာနဲ့ဆင်တူတဲ့ ပတ်ဝန်းကျင်ရှိကောင်းရှိနိုင်ရဲ့လို့ဆိုကာ နောက်ပိုင်းရှာဖွေလေ့လာမှုတွေကို အဲဒီနေရာမှာ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆိုင်းရင့်ဒေလီ

 

 

တက္ကသိုလ်ကျောင်းသားများအကြား အင်တာနက်သုံးစွဲမှုကြောင့် စာကြိုးစားမှုလျော့နည်းလာကြောင်းတွေ့ရှိ

တက္ကသိုလ်ကျောင်းသားများကြား အင်တာနက်သုံးစွဲမှုကြောင့် စာကြိုးစားမှု လျော့နည်းလာတဲ့အချက်ကို ဆွမ်စီးတက္ကသိုလ်နဲ့ မီလန်တက္ကသိုလ်တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တဲ့ သုတေသနစစ်တမ်းတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီစစ်တမ်းမှာ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာကို လွန်လွန်ကျူးကျူးသုံးစွဲတဲ့ ကျောင်းသားတွေဟာ သူတို့ရဲ့ သင်ခန်းစာတွေမှာ စိတ်ပါဝင်စားမှု အားနည်းလာတာကို ဖော်ပြခဲ့ပါတယ်။ အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြုတာများရင် တဖြည်းဖြည်း အထီးကျန်ဆန်သွားတတ်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ခက်ခဲလာတတ်ကြောင်း အဲဒီသုတေသန စစ်တမ်းမှာ ဆက်လက်ဖော်ပြထားပါတယ်၊ ပြီးတော့လည်း စာမေးပွဲစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ပိုမိုဖြစ်ပွားလာကြောင်းလည်း တွေ့ရှိခဲ့တယ်လို့ အဲဒီသုတေသန စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဆိုင်းရင့်ဒေလီ

 

 

TTS 005

 

တိုင်ထိပ်စည်ပိုင်းထဲမှာ ဂင်းနက်စ်မှတ်တမ်းဝင်ဖို့ ကြိုးစားခဲ့တဲ့ တောင်အာဖရိကနိုင်ငံသား

တိုင်ထိပ်စည်ပိုင်းထဲမှာ ခဲရာခဲဆစ်နေပြီး ဂင်းနက်စ်မှတ်တမ်းဝင်ဖို့ ကြိုးစားခဲ့တဲ့ တောင်အာဖရိက နိုင်ငံသားတစ်ယောက်ဟာ ကမ္ဘာ့ထူးခြားသတင်းတွေကြားမှာတော့ ရေပန်းစားလာခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ဗာနွန်ကရုဂါဟာ ဂင်းနက်စ် မှတ်တမ်းဝင်ဖို့အတွက် ရက်ပေါင်း ၆၇ ရက်တိုင်တိုင် ထိပ်စည်ပိုင်းထဲမှာ ကြိုးကြိုးစားစားနေခဲ့ပါတယ်။ သူဟာတောင်အာဖရိက မြို့ငယ်လေးတစ်မြို့ဖြစ်တဲ့ ဒါးစထရွမ်းမှာ ဒီလိုမျိုး ဂင်းနက်စ်မှတ်တမ်းဝင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ယခင်က အခုလိုမျိုး သီတင်းပတ်တစ်ပတ်ကြာနေပြီး ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့တဲ့စံချိန်ကို ချိုးပြမှာဖြစ်တယ်လို့ ဗာနွန်ကရုဂါက ပြောကြားလိုက်ပါတယ်။ ။

သို့သော်လည်း တိုင်ထိပ်ကို မိုးကြိုးပစ်ခံရမှာ သူအကြောက်ဆုံးပါပဲလို့ ပြောပါတယ်။ သူကြောက်ရွံ့ခဲ့တဲ့အတိုင်း မိုးကြိုးပစ်ခံရမူက သီသီလေး လွဲခဲ့ရတယ်လို့လည်း သူကပြောပြပါတယ်။

ယူပီအိုင်

ထွန်းသစ်စ