တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်/ထွက် လည်ပတ်လျက်ရှိ

နေပြည်တော်  ၂၂   နိုဝင်ဘာ

 

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင် ခံစားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိသည်။

 

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ တာချီလိတ် နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၅၇၂၉) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည်(၅၁၈) ဦး၊ လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား (၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၂၅၄) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၉၉၄) ဦး ရှိကြောင်း သိရှိရသည်။

 

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင် ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပြီး လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူစသည့် တိုင်းရင်းသားကျေးရွာများသို့ လေ့လာလည်ပတ်ကြသည်။

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်၊  ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ ဘုရား၊ ဟိုခုံကျောင်း၊မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်း စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူဘုရားကြီး၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်-မန္တလေး-မြစ်ကြီးနား-လားရှိုးမြို့များမှ တဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက်လည်ပတ်ခဲ့ကြသည်။

 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ မြဝတီ၊ တမူး နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသည့် ခရီးစဉ် ဆောင်ရွက်မှုအနေဖြင့် ခရီးစဉ်(၅၂) ခု၊ မော်တော်ယာဉ် (၁၄၀) စီး၊ မော်တော်ဆိုင်ကယ် (၁၈၂) စီး၊ လူဦးရေ (၅၁၉) ဦးတို့ အသီးသီးဝင်/ထွက်ခဲ့သည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ  နေ့ချင်းပြန်/ညအိပ်ထိုင်းနိုင်ငံသား (၁၀၅၅၀၃၉) ဦး၊ တတိယနိုင်ငံသား အများစု ပါဝင်သော ခရီးသည် (၁၅၄၁၂) ဦး၊ လန့်တောင်းနှီးဘုရားနေ့ချင်းပြန်ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၃၄၃) ဦး၊ တတိယနိုင်ငံသားခရီးသည် (၅) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် စုစုပေါင်းခရီးသည် (၁၀၇၉၅) ဦး၊ ဗီဇာ (ဗီဇာကင်းလွတ်ခွင့်) စုစုပေါင်းခရီးသည် (၅၃၈၂၈) ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN