တောင်အာဖရိကတွင် ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျ လူငါးဦး သေဆုံး

၂၂ ဇန်နဝါရီ

 

 

တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတယ်လ်ပြည်နယ်ရှိ ဘတ်ဗီလီမြို့တွင် ယမန်နေ့က Netcare 911 ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားသဖြင့် ထိုရဟတ်ယာဉ်ပေါ်ပါ လူငါးဦး သေဆုံးခဲ့ကြောင်း ထိုNetcare ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဂရင်းဒယ်လ်က ပြောကြားသည်။

 

 

လေယာဉ်မှူးတစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း လေးဦး လိုက်ပါလာသော Netcare 1 လူနာတင် လေယာဉ်သည် ဘတ်ဗီလီမြို့အနီးတွင် ပျက်ကျခဲ့သဖြင့် ထိုလေယာဉ်ပေါ်ပါ မိမိတို့ လုပ်ဖော်ကိုင်ဖက်များ၏ မိသားစုဝင်များကို နက်နက်ရှိုင်းရှိုင်းစာနာမိပါကြောင်းနှင့် မိမိတို့ အနေဖြင့် အလွန်အမင်း ဝမ်းနည်းပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ထိုရဟတ်ယာဉ်သည် ကွာဇူလူ-နာတယ်လ်ပြည်နယ်ရှိ လူနာများကို သွားရောက်ခေါ်ယူရာ လမ်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

 

ယင်းရဟတ်ယာဉ် ပျက်ကျမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု ဂရင်းဒယ်လ်က ဆိုသည်။

 

 

ထိုရဟတ်ယာဉ် ပျက်ကျမှု မဖြစ်ပွားမီ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြားသည်။

 

 

ရဟတ်ယာဉ် မီးလောင်နေသည့် ဗွီဒီယိုကို ယမန်နေ့ မွန်းလွဲပိုင်းက တွစ်တာဆိုရှယ် မီဒီယာတွင် တင်ထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို