တောင်ကိုရီးယားနိုင်ငံက ပထမဆုံး မောင်းသူမဲ့ ကင်းထောက်လေယာဉ် အသုံးပြုမည်

၂၅ ဒီဇင်ဘာ

ဆိုးလ် ဒီဇင်ဘာ ၂၄ အမေရိကန်လုပ် ထောက်လှမ်းရေး ဒရုန်းယာဉ်တစ်စင်းဖြစ်သည့် Global Hawk သည် ယမန်နေ့က တောင်ကိုရီးယား စစ်အခြေစိုက်စခန်းသို့ရောက်ရှိ လာခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၂၄ ရက် က ဖော်ပြသည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါသတင်းကို ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြု ပြောကြားလိုက်သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြပြောဆိုခြင်း မပြုခဲ့ကြောင်း သိရသည်။

ယခု ရောက်ရှိလာသော ထောက်လှမ်းရေး လေယာဉ်သည် တောင်ကိုရီးယားနိုင်ငံက ၂၀၂၀ ပြည့်နှစ် ပထမခြောက်လပိုင်းတွင် စတင်အသုံးပြုရန်လျာထားသည့် မောင်းသူမဲ့ လေယာဉ်လေးစင်းအနက် အကြီးဆုံးတစ်စင်း ဖြစ်ကြောင်းလည်း တောင်ကိုရီးယားသတင်းအေဂျင်စီ တစ်ခုဖြစ်သည့် ယွန်ဟတ်သတင်း အေဂျင်စီတွင် ဖော်ပြထားသည်။

အဆိုပါ ဒရုန်းလေယာဉ်သည် ကိုရီးယားကျွန်းဆွယ် တောင်ဘက်အစွန်ဆုံးရှိ ဆာချီယွန်လေတပ်အခြေစိုက်စခန်းတွင်ရောက်ရှိနေပြီး မကြာမီ ထောက်လှမ်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

အနီအောက် ရောင်ခြည်သုံး အာရုံခံစနစ်နှင့် ရေဒါတပ်ဆင်ထားသော အဆိုပါ ကင်းထောက်ဒရုန်း လေယာဉ်သည် ဆိုးရွားသော ရာသီဥတုနှင့် ညဘက်များမှာပင် မြေပြင်မှ အခြေအနေများကို ကောင်းမွန်စွာ ထောက်လှမ်း နိုင်မည်ဖြစ်သည်။ တောင်ကိုရီးယားသည် ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုများ မကြာခဏ လုပ်ဆောင်နေသော မြောက်ကိုရီးယားကို ပိုမိုထောက်လှမ်းမှုများ လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

တောင်ကိုရီးယားနိုင်ငံက ယခုလို ကင်းထောက်ဒရုန်းလေယာဉ်အသုံးပြု မည့်အပေါ် မြောက်ကိုရီးယားနိုင်ငံက ဆန့်ကျင်သည့် အရိပ်အယောင်ပြမည်ဟု ခန့်မှန်းရသည်။

အင်န်အိတ်ချ်ကေ