တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံလမ်းပေါ်မှ ရွှေကျင်ချောင်းကူးတံတားသစ်တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ရွှေကျင် ၁၂ ဇူလိုင်

 

တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံ ကားလမ်းသည် ပဲခူးတိုင်းဒေသကြီးအတွင်း သာမက မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ကို သွားလာ၍ရသောလမ်းဖြစ်ပြီး ထိုကားလမ်းပေါ်မှ ရွှေကျင်မြို့နယ်ရှိ ရွှေကျင်ချောင်းကူးတံတားသစ်သည် မရှိမဖြစ် လိုအပ်နေသော တံတားတစ်စင်းဖြစ်သည်။

 

ရွှေကျင်ချောင်းကူးတံတားသစ်မှာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ယာဉ်များဖြတ်သန်း မောင်းနှင်သွားလာ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တံတားအထူး အဖွဲ့ (၉)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုး၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ တံတားသစ်စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၄၀၀ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတား အထူးအဖွဲ့(၉) ပဲခူးမြို့က ၂၀၁၇ ခုနှစ် ဧပြီလ ပထမပတ်တွင် စတင်တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းတံတားသစ်သည် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အရှည် ပေ ၁၆၈၀၊ အကျယ် ပေ ၃၀၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ၊ ရေလမ်းကင်းလွတ်အမြင့် ၈ ပေ ၉ လက်မ၊ ရေလမ်းကင်းလွတ်အကျယ် ၈၂ ပေရှိ ကြောင်း၊ ယာဉ်တစ်စီးချင်း ခံနိုင်ဝန် တန် ၆၀ ရှိကြောင်း သိရသည်။

 

ပိန်းဇလုပ်သိန်းညွန့်