တောင်တရုတ်ပင်လယ်အရေး တင်းမာမှုတွေ မြင့်တက်မလာစေဖို့ အမေရိကန်ကို တရုတ်သတိပေး

ကလျာမိုးမြင့်

 

တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟေးနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါတို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံခဲ့ကြစဉ်အတွင်း တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်အနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းရဲ့ စွမ်းရည်တွေကို ထုတ်ပြနေတာကို ရပ်သင့်ပြီလို့ ပြောကြားလိုက်တယ်လို့ တရုတ်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးထံမှ သိရှိရပါတယ်။


လေယာဉ်တင်သင်္ဘောထွက်ခွာ
ဒီလိုပြောဆိုလိုက်တဲ့ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက ၎င်းရဲ့ ပြည်တွင်းလုပ် လေယာဉ်တင်သင်္ဘောဟာ လေ့ကျင့်ရေးနဲ့ သုတေသနဆိုင်ရာ ဆောင်ရွက်မှုတွေပြုလုပ်ဖို့ တောင်တရုတ်ပင်လယ်ဆီ ဦးတည်ထွက်ခွာနေကြောင်းကိုပါ ကြေညာ လိုက်ပါတယ်။


အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟေးတို့ဟာ ပြီးခဲတဲ့တနင်္လာနေ့က ဗန်ကောက်မြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေး တက်ရောက်ခဲ့စဉ်အတွင်း တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ တွေ့ဆုံမှုအတွင်း တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး နှစ်ဦးဟာ ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ဆိုင်ရာ ဆူပူအုံကြွမှုတွေနဲ့ တောင်တရုတ် ပင်လယ်အရေးကိစ္စအပါအဝင် အကြောင်း အရာအများအပြားကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကျန်က ပြောပါတယ်။


နိုင်ငံတကာက ဘယ်လိုမြင်

နိုင်ငံတကာအဖွဲ့အစည်း တော်တော်များများက တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ ရေကြောင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုနဲ့ ပိုင်နက်အငြင်းပွားမှုဟာ လိုတာထက်ပိုလွန်းနေပြီး နိုင်ငံတကာ ဥပဒေကိုလည်း ချိုးဖောက် နေသလိုမျိုး ရှုမြင်နေကြတယ်လို့ သိရပါတယ်။ အဲဒီလို ရှုမြင်သူတွေထဲမှာ အမေရိကန်လည်း ပါဝင်ပါတယ်။


အမေရိကန်က တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ စစ်ရေးချဲ့ထွင်တဲ့ ကျွန်းတွေတည်ဆောက်နေပြီး အဲဒီဒေသမှာ ၎င်းရဲ့လွတ်လပ်စွာ ရေကြောင်းသွားလာမှု ခိုင်မာသေချာစေဖို့နဲ့ ပေကျင်းရဲ့ ပိုင်ဆိုင်ကြောင်း အငြင်းပွားမှုနဲ့ ပတ်သက်ပြီး စိန်ခေါ်တဲ့ လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ စစ်သင်္ဘောတွေ ခုတ်မောင်းတာကိုလည်း ပုံမှန်လုပ်ဆောင် နေတယ်လို့ စွပ်စွဲ ထားပါတယ်။


သက်ဆိုင်ခြင်းမရှိ
တရားဝင်လုပ်ငန်း အပ်နှံထားရခြင်း မရှိသေးတဲ့ တရုတ်နိုင်ငံရဲ့ လေယာဉ်တင် သင်္ဘောသစ် တောင်တရုတ်ပင်လယ် အတွင်းမှာ ရှိနေမယ့်ကိစ္စဟာ လတ်တလော ဖြစ်ပွားနေတဲ့ ဘယ်ကိစ္စနဲ့မှ သက်ဆိုင်ခြင်းမရှိဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။
ပြည်တွင်းလုပ် လေယာဉ်တင်သင်္ဘောကို လေ့ကျင့်ရေးဆောင်ရွက်မှုဟာ လေယာဉ်တင် သင်္ဘောတည်ဆောက်မှုဖြစ်စဉ်ရဲ့ ပုံမှန်အစီ အစဉ်တစ်ခုသာဖြစ်ပြီး ဘယ်ပစ်မှတ်တစ်ခုခုကိုမှ ဦးတည်နေတဲ့ ရည်ရွယ်ချက်မရှိသလို လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့လည်း မဆိုင်ဘူးလို့ ပြည်သူ့လွတ်လပ်ရေးတပ်မတော် ရေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချန်ဒယ်ဝေက ပီအယ်လ်အေရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့ ဝက်ဘ်ဆိုက်မှာ ပြောဆိုထားပါတယ်။


ရင်းနှီးကျွမ်းဝင်လာဖို့
တောင်တရုတ် ပင်လယ်အတွင်းမှာ သင်္ဘောသစ်ကို လေ့ကျင့်ရေးဆောင်ရွက်မှုက လေယာဉ်တင်သင်္ဘော အမှုထမ်းတွေကို နောင်တစ်ချိန် ရွက်လွှင့်ခုတ်မောင်းရမယ့် ပင်လယ်ဧရိယာနဲ့ ပိုပြီးလက်ပွန်းတတီး ရင်းနှီးကျွမ်းဝင် လာစေလိမ့်မယ်ဆိုပြီး တရုတ်နိုင်ငံပိုင်သတင်း စာတစ်စောင်ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။


နောက်တစ်ခုက တကယ်လို့သာ တောင် တရုတ်ပင်လယ်အတွင်း လေ့ကျင့်မှု အောင်မြင်ပြီဆိုရင် လေယာဉ်တင်သင်္ဘောကြီးကို မကြာခင်အချိန်အတွင်း တောင်ပိုင်းဟီနန် ပြည်နယ်ရှိ ဆန်ယာဆိပ်ကမ်းမှာ အခမ်းအနား ပြုလုပ်ပြီး လုပ်ငန်းအပ်နှံခြင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။


လှေကားထစ်တစ်ခု
ဒီသတင်းစကားအရဆိုရင် လေယာဉ်တင် သင်္ဘောသစ်ကြီးကို နောက်ဆုံးအဲဒီနေရာမှာပဲ ချထားမယ်ဆိုတာကို အရိပ်အမြွက် ဖော်ပြလိုက်တယ်လို့ သိရှိနိုင်ပြီး တောင်တရုတ် ပင်လယ်ဟာ အဆိုပါ သင်္ဘောအတွက် တံခါး ပေါက်ဝမှာရှိနေတဲ့ လှေကားထစ် တစ်ခု ဖြစ်တယ်လို့ ဆိုရာရောက်တယ်လို့ မီဒီယာအချို့က ဖော်ပြခဲ့ကြပါတယ်။ လေယာဉ်တင်သင်္ဘော ဟာ နိုဝင်ဘာ ၁၈ ရက်မှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်လာခဲ့တယ်လို့လည်း ပီအယ်လ် အေရေတပ်ဖွဲ့ကဆိုပါတယ်။


အမေရိကန်အနေနဲ့ နဂိုရှိရင်းစွဲ တင်းမာမှုတွေကို ပိုမိုကြီးထွားလာအောင် မလုပ်သင့်ဘူးလို့ တရုတ်နိုင်ငံက တိုက်တွန်း ထားပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပြီဖြစ်သလို အမေရိကန်က တောင်တရုတ်ပင်လယ်ထဲလာပြီး အစွမ်းမပြဖို့နဲ့ အဲဒီဒေသအတွင်းမှာ တင်းမာမှု အခြေအနေတွေ မြင့်တက်လာအောင် မလုပ်ဖို့ တိုက်တွန်းလိုတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟေးက အမေရိကန်ကာကွယ် ရေးဝန်ကြီးမာ့ခ်အက်စပါသို့ ပြောကြားလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


အငြင်းပွား
ဒီကိစ္စနဲ့ပတ်သက်ပြီး မာ့ခ်အက်စပါက တွစ်တာပေါ်မှာ ဘယ်လိုရေးသားခဲ့သလဲ ဆို တော့ ကျွန်ုပ်တို့ နှစ်ဖက်စလုံးဟာ နိုင်ငံတကာ စည်းမျဉ်းကို အခြေခံတဲ့စနစ်ကို ဆက်လက် ထိန်းသိမ်းသွားရေးအပေါ် အလေးထားတဲ့ ဆက်ဆံရေးတစ်ရပ်ကို ဘယ်လိုဆက်လက် ထူထောင်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ တွေ့ဆုံခဲ့ကြတာဖြစ်တယ်ဆိုပြီး အသိအမှတ်ပြု ဖော်ပြခဲ့ပါတယ်။


တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေး ရှား၊ တရုတ် (တိုင်ပေ)နဲ့ ဘရူနိုင်းနိုင်ငံတွေ အားလုံး ဟာဆိုရင်တောင်တရုတ်ပင်လယ် ကို ၎င်းတို့ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေ ကြတဲ့နိုင်ငံတွေချည်းပါပဲ။ တောင်တရုတ် ပင်လယ်ကြီးဟာ ကမ္ဘာ့အရေးအပါဆုံး ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေ စုဝေးရာဖြစ်သလို နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ဘီလီယံချီတန်တဲ့ ကုန်စည်တွေအတွက် ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။


ကုန်သွယ်ရေးပြေလည်မှုမရှိသေး
ဝါရှင်တန်နဲ့ ပေကျင်းတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခကို အကြောင်းပြုပြီးဖြစ်ပွားနေတဲ့ တင်းမာမှု အချိန်အတော အတွင်းမှာ အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးနှစ်ဦးရဲ့ တွေ့ဆုံမှု ပေါ်ပေါက်လာတာဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က နောက်ထပ်အဆီးအတားတွေနဲ့ ကြုံလာရတဲ့အတွက် ပြေလည်ခြင်း မရှိသေးပါဘူး။


ဂလိုဘယ်တိုင်းမ် သတင်းစာက တကယ်လို့သာ နှစ်နိုင်ငံအကြားမှာ နောက်ထပ် တခြားအကြောင်းအရာတွေကိုပါ မဖြေရှင်းရ သေးဘူးဆိုရင် နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုကို ဦးတည်တဲ့အခက်အခဲတွေ ရှိလာနိုင်တဲ့ အလားအလာကို သတိပေး ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ တရုတ်-အမေရိကန် စစ်ရေးအရဆက်ဆံမှုမှာ အကြီးမားဆုံး အဆီးအတား တစ်ခုကတော့ အမေရိကန်က ပေကျင်းရဲ့ ဗဟိုအကျိုးစီးပွားနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုတွေအပေါ် လေးစားလိုက်နာ လိုတဲ့ ဆန္ဒရှိမရှိဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့ ဖော်ပြထားတာပဲဖြစ်ပါတယ်။   ။

ကိုးကား - စီအန်အန်