တီးတိန်မြို့နယ်ရှိ ရှာလ်လုမ်းခံတပ် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ခရီးသွားဧည့်သည်များ တိုးပွားမှု ရှိလာစေရေး ဆောင်ရွက်နိုင်ရန် ပြည်နယ်လူမှုရေးဝန်ကြီး ကွင်းဆင်းကြည့်ရှု

ဟားခါး ၂၇ ဇွန်                  

ချင်းပြည်နယ် တီးတိန်မြို့နယ် ဝေါ့လာစ်ကျေးရွာအနီးတွင်ရှိသည့် သမိုင်းဝင် ရှာလ်လုမ်း (SIAllUM FORT) ခံတပ် ရေရှည် တည်တံ့ခိုင်မြဲရေး၊ ပြုပြင်ထိန်းသိမ်းရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်နှင့် ခရီးသွားဧည့်သည်များ လာရောက်နိုင်စေရေး ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက်  ဆောင်ရွက်ရမည့် လုပ်ငန်းများကို  ဇွန် ၂၇ ရက်နေ့က  ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဉီးပေါင်လွန်းမင့်ထန်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီးသည် သမိုင်းဝင် ရှာလ်လုမ်း ခံတပ်တွင်ရှိသည့် နယ်ချဲ့တော်လှန်ရေးကာလက ကျဆုံးခဲ့ကြသော ချင်းတိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များနှင့် တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူများတွင် ကြေးကမ္ဗည်းများ ရေးထိုးမှတ်တမ်းထားရှိနိုင်ရေး၊ ခံတပ်အတွင်းရှ ိကျောက်လိုဏ်ဂူများနှင့် ရှာလ်လုမ်းခံတပ်သို့ သွားရောက်သည့် လမ်းကောင်းမွန်ရေးတို့အတွက် ဆောင်ရွက်ရန်ကိစ္စများကို ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း  သိရသည်။

 

mdn

 

“မြန်မာနိုင်ငံမှာ ကိုလိုနီနယ်ချဲ့ တော်လှန်ရေးသမိုင်းမှာ မင်းလှခံတပ်ပြီးလျှင် ရှာလ်လုမ်းခံတပ် ( SIAllUM FORT) ဟာ ဒုတိယအထင်ရှားဆုံး ခံတပ်ဖြစ်ပါတယ်။ တီးတိန်မြို့နယ် ဝေါ့လော့ကျေးရွာကနေ တစ်မိုင်ခွဲလောက်ပဲ ဝေးတယ်။ ဒီခံတပ်မှာတစ်ချိန်တုန်းက နယ်ချဲ့ကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ကြတဲ့ ချင်းတိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေ၊ တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြရတာကို ဒီနေ့လူငယ်လေးတွေ သိစေမြင်စေချင်တယ်။ ဒါကြောင့် ရှာလ်လုမ်းခံတပ်ကို လမ်းတွေကောင်းအောင်၊ တော်လှန်ရေး ရဲဘော်တွေရဲ့ အုတ်ဂူတွေမှာ ကြေးကမ္ဗည်းတွေနဲ့ မှတ်တမ်းတင်နိုင်အောင် ဆောင်ရွက်ဖို့ရှိပါတယ်။ မီဒီယာတွေကနေလည်း လူသိများလာအောင် ခရီးသွား ဧည့်သည်တွေလည်း လာနိုင်အောင် ၊ ချင်းပြည်နယ်ရှိ ဒြပ်ရှိ ၊ ဒြပ်မဲ့ယဉ်ကျေးမှုတွေကို မှတ်တမ်းတင်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်နယ်လူမှုရေး ဝန်ကြီးကပြောကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)