တိတ်တဆိတ်ထွက်ခွာပြီး အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခဲ့သည့် ကိုဗစ်အတည်ပြုလူနာတစ်ဦးကို အမှုဖွင့်အရေးယူ

ချောင်းဦး ၂၃ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ယနေ့နံနက် ဆေးရုံမှ ဆင်းခွင့်ရရှိသော ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသည့် အတည်ပြုလူနာတစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၃၀(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာတွင် နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသည့်အတွက် ချောင်းဦး အ.ထ.က CBFQ တွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာ နိုဝင်ဘာ ၁၀ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ လူနာအား မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ခေါ်ယူသီးသန့်ထားရှိပြီး ဆေးကုသပေးနေရာ နိုဝင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲက ဆေးရုံပြင်ပသို့ တိတ်တဆိတ်ထွက်ခွာပြီး မြို့မရပ် ရွှေတောင်ကွက်သစ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ စားသောက်စရာ ပါဆယ်ဝယ်ယူခဲ့ကြောင်း၊စ တိုးဆိုင်တစ်ဆိုင်မှ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်သည့်အတွက် ဥပဒေအတိုင်း ဆောင်ရွက်အရေးယူပေးရန် ချောင်းဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တိုင်တန်းချက်အရ ချောင်းဦးမြို့နယ်ရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၃၀(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း၊ အမှုအား ဒုရဲအုပ်နိုင်ဇော်လတ်မှ လက်ခံစစ်ဆေးလျက်ရှိပြီး ကိုဗစ်-၁၉ အတည်ပြုလူနာအား Stay at Home (၇)ရက်ပြီးမြောက်ပါက အမှုဖြင့် ဖမ်းဆီးစစ်ဆေး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် စားသောက်ဆိုင်နှင့် စတိုးဆိုင်အား ကျန်းမာရေးဌာနမှ ယာယီပိတ်သိမ်းထားပြီး ထိတွေ့ခဲ့သည့် ဆိုင်ဝန်ထမ်း(၇)ဦးအား ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ Ag Test ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း၊ ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့သူ rtPCR Test ဖြင့် ၃၃၅ ဦး၊ ကိုဗစ်-၁၉ Ag Test ဖြင့် ၁၈၁ ဦး စုစုပေါင်း ၅၁၆ ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့အတည်ပြုလူနာ (၁၇)ဦးတွေ့ရှိကာ (၁၆)ဦး ဆေးရုံမှဆင်းခွင့်ပြုပြီး ဆေးကုသမှုခံယူနေသူ (၁)ဦးသာ ရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)