တိုက်စစ်မှူး စီရိုနယ်လ်ဒို စီးရီးအေခုနစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့

၂၁  ဇန်နဝါ

ဂျူဗင်တပ်အသင်းတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပါးမားအသင်းကို အနိုင်ရရှိခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စီးရီးအေခုနစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အဲဒီပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် ပွဲကစားချိန် ၄၃ မိနစ်မှာတစ်ဂိုးနဲ့ ၅၈ မိနစ်မှာ တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပါးမားအသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစား ချိန် ၅၅ မိနစ်မှာ ကော်နယ်လီယပ်က ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဂျူဗင်တပ်အသင်းအတွက် အီတလီစီးရီးအေ ခုနှစ်ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်က တိုက်စစ်မှူး ဒေးဗစ်ထရီဇီဂွက်က အီတလီစီးရီးအေ ကိုးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့် စီရိုနယ်လ်ဒိုဟာ ဒုတိယပိုင်းမှာ ဟက်ထရစ် သွင်းဂိုးဖြစ်လာဖို့အထိ အခွင့်အရေးနီးစပ်ခဲ့ပေမယ့် သွင်းဂိုးနှစ်ဂိုးနဲ့သာ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။ ။

ဂျူဗင်တပ်အသင်းက ပါးမားအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာက အင်တာမီလန်အသင်းကို လေးမှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းကတော့ လက်ချီအသင်းနဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဂျူဗင်တပ်အသင်းကိုဖိအားပေးဖို့ အခွင့်မသာခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်

.