တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိအောင် ဆွေးနွေးအဖြေရှာပေးကြဖို့ ပြောကြားချင်ပါတယ်

နန်းမြတ်ထွေး(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကာလက ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ပြည်မနှင့် တောင်တန်းဒေသများ တစ်ပြိုင်တည်း လွတ်လပ်ရေးရရှိစေရန်အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံကို ပင်လုံမြို့၏ အနောက်တောင်ဘက်ရှိ(ယခုပင်လုံကျောက်တိုင်ကွင်း)တွင် ကျင်းပခဲ့ပြီး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် အဆိုပါ ပင်လုံညီလာခံမှတစ်ဆင့် တိုင်းရင်းသား ပြည်သူများ တညီတညွတ်တည်း လွတ်လပ်ရေးတောင်းဆိုရန် ကတိပြုလက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံ လွတ်လပ်ရေး၏ သမိုင်းအစဖြစ်သော ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုနိုင်ခဲ့ကြသည်။

ထိုသို့ တိုင်းရင်းသားပြည်သူများ၏ ပြည်ထောင်စုစိတ်ဓာတ်နှင့် သွေးစည်းညီညွတ်မှုကို အခိုင်အမာဖော်ကျူးပြသ သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ယင်းနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံ တစ်ဝန်းတွင် အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသည်။

ယခုဆိုလျှင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး မြန်မာနိုင်ငံ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးလမ်းစ စတင်ခဲ့ရာ ပင်လုံမြို့တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ကြမည့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ခေါင်းဆောင်များ၏ သား၊ သမီးများနှင့် ဆွေမျိုးတော်စပ်သူများ၊ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားတို့နှင့် တွေ့ဆုံ မေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်-

 

1

 

ဒေါ်ခင်မြမူ

ဦးတင်ဧ(လူထုကိုယ်စားလှယ်၊ တောင်ကြီး)၏ ညီမ

မြန်မာနိုင်ငံအတွက် သမိုင်းဝင်ပင်လုံစာချုပ်ကို ချုပ်ဆိုရာမှာ ပါဝင်ခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေမျိုးတော်စပ်သူတွေကို အခုလို စုံစုံညီညီ တွေ့ခွင့် ရအောင် ဖိတ်ကြားတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ တစ်ချိန်က လူကြီးတွေ ဆောင်ရွက်ခဲ့တာတွေကို မမေ့ဘူးဆိုတာကို တွေ့ရတဲ့အတွက် လည်း ဝမ်းသာပါတယ်။ ဒါကြောင့်အသက်ကြီးပေမယ့် အားခဲပြီး လာရောက်တာ ဖြစ်ပါတယ်။ အဘွားတို့ရဲ့ ဆွေမျိုးထဲက ဒီလိုနိုင်ငံအတွက် ဆောင်ရွက်ပေး နိုင်ခဲ့တာကိုလည်း ဂုဏ်ယူပါတယ်။ သားစဉ်မြေးဆက် ကလေးတွေလည်း အတုယူစေချင်တယ်။

နန်းကေခိုင်ဦး

ဦးစဝ်ယိပ်ဖ(လူထုကိုယ်စားလှယ်)၏ မြေး

ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ ဆွေမျိုးသားချင်းအနေနဲ့ ဖိတ်ကြားခံရပြီး (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် များစွာဝမ်းသာပါတယ်။ အဘိုးကိုလည်း သတိရမိတယ်။ အဘိုးအတွက်လည်း ဂုဏ်ယူမိတယ်။ ဒီလို အသိအမှတ်ပြုဖိတ်ကြားတဲ့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိ သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ တခြားတိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှာ အဘိုးက ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တယ်။ ဒီလိုအဘိုးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မြေးတစ်ဦးအနေနဲ့ ပြောမပြတတ်အောင် ဝမ်းသာဂုဏ်ယူမိပါတယ်။ အဘိုးရှိစဉ်ကတော့ ဒီပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ကို အမြဲတမ်း ပြောပြခဲ့ပါတယ်။

 

2

 

ဒေါ်ခင်လှိုင်

ဦးလှူရ်မှုန်(ချင်းကိုယ်စားလှယ်၊ ဖလမ်း)၏မြေး

ကျွန်မတို့ ချင်းပြည်နယ်ဆိုရင် ပင်လုံမြို့ကိုလာဖို့ ခရီးကတော်တော်လေး ဝေးပါတယ်။ ဒီလိုအခမ်းအနားမျိုးမှာ ဖိတ်ကြားတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်တယ်။ ကျွန်မအနေနဲ့ အဘိုးရဲ့မြေး ဖြစ်ခွင့်ရတဲ့အတွက် အမြဲတမ်းဂုဏ်ယူရပါတယ်။ ကျွန်မတို့ အဘိုးရှိစဉ်အခါက ဖလမ်းမြို့နယ် လုံဘမ်းကျေးရွာကသူကြီးဆိုတော့ ရပ်ရေးရွာရေးကိစ္စတွေမှာ ဦးဆောင် ပြီး လုပ်ဆောင်ခဲ့သူတစ်ဦးပါ။ တောင်တန်းပြည်မ ပေါင်းစည်းရေးမှာ လည်း ဖလမ်းမြို့နယ်ကိုယ်စား ပါဝင်လက်မှတ်ရေးထိုးဖို့ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဒီအတွက် ကျွန်မ များစွာဂုဏ်ယူဝမ်းမြောက် ဖြစ်မိပါတယ်။ အဘိုးမရှိတော့ပေမယ့် ကျွန်မတို့က အဘိုးရဲ့ မျိုးဆက်အနေနဲ့ တောင်တန်းပြည်မ မခွဲခြားဘဲ အမြဲစည်းစည်းလုံးလုံး ရှိနေပါမယ်လို့ ပြောချင်ပါတယ်။

 

3

 

ဒေါ်စဝ်ဟေမာသိုက်

ဦးစဝ်ရွှေသိုက်(ညောင်ရွှေစော်ဘွား)၏ သမီး

၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ ပင်လုံ စာချုပ်လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင် ၂၃ ဦး ရဲ့ မိသားစုဝင်တွေကို ဖိတ်ခေါ်တော့ အဘွားတို့ ဝမ်းသာခဲ့ရတယ်။ အဘွား တို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားတဲ့အတွက် အဘွားတို့ လာတက်တယ်။ ဒီ ၂၃ ဦးရဲ့ မိသားစုဝင်တွေနဲ့လည်း အဘွားတို့ မတွေ့ဆုံနိုင်ကြဘူး။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီလိုစီစဉ် ဆောင်ရွက်ပေးတဲ့အတွက် ဒီမိသားစုဝင်တွေအားလုံးနဲ့ တွေ့ခွင့်ရတာ ဝမ်းသာ ပီတိဖြစ်ရပါတယ်။ အခုဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပါတယ်။ ဒီလိုဒုတိယအကြိမ် ထပ်မံဖိတ်ကြားတော့ အဘွားတို့အားလုံးကို ဒေါ်အောင်ဆန်း စုကြည်က အခုထိသတိတရ ရှိတယ်ဆိုတာကို သိရတဲ့အတွက် ပထမအကြိမ်ထက် ပိုပျော်ပါတယ်။ ဂုဏ်ယူမိတယ်။ အားတက်ရတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးအစက ပင်လုံစာချုပ်ကဖြစ်တယ်။ ဗြိတိသျှ အုပ်စိုးတဲ့ခေတ်ဖြစ်တဲ့အတွက် လွတ်လပ်ရေးယူဖို့ စော်ဘွားတွေက ပထမပင်လုံကို ဆွေးနွေးကြတယ်။ ဒုတိယအကြိမ် ပင်လုံမှာတော့ ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် စော်ဘွားခုနစ်ဦး၊ လူထုကိုယ်စားလှယ်ခုနစ်ဦး ဆွေးနွေးကြတော့ လွတ်လပ်ရေးရယူမယ်ဆိုတဲ့အနေနဲ့ ပင်လုံစာချုပ်ကတိ ကဝတ် (၉)ချက်ကို ထားခဲ့ကြပါတယ်။ အဲဒီထဲက အဓိက(၃)ချက်က လွတ်လပ်ရေး၊ ညီမျှခြင်း၊ တရားမျှတခြင်းရှိဖို့တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်မှာ ပင်လုံကတိကဝတ်တွေ အကောင်အထည်ဖော်ဖို့ ကြာသွားခဲ့တယ်။ အခုအခါမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေပါတယ်။ ဒီနှစ် ပြည်ထောင်စုနေ့ကနေစပြီး ပင်လုံစာချုပ်ကတိကဝတ်တွေကို တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကို ရရှိမယ်လို့ ယုံကြည်ပါတယ်။

 

4

 

ဦးသန်းလွင်(လွိုင်လင်မြို့နယ်အုပ်ချုပ်ရေးမှူး)

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စုရဲ့ မူလအစ ဘူမိနက်သန်ဖြစ်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေရာမှာ အနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ် ပြည်ထောင်စုနေ့အခမ်းအနားမှာ ထူးခြားမှုအနေနဲ့က ဗိုလ်ချုပ်အောင်ဆန်းတို့ စတင်စိုက်ထူခဲ့တဲ့အချိန်က “တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်ကျောက်တိုင်”လို့ ကမ္ပည်းထိုး ရေးသားခဲ့တာဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ “ပြည်မတောင်တန်းပူးပေါင်းရေး စာချုပ်ကျောက်တိုင်” ဆိုပြီး အမည်ပြောင်းခဲ့တယ်။ ယခု(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာတော့ “တောင်တန်းပြည်မ ပူးပေါင်းရေး စာချုပ်ကျောက်တိုင်” ဆိုပြီး ကျောက်တိုင်မှာ ပြန်လည်ကမ္ပည်းရေးထိုးပြီး ကျင်းပတဲ့နှစ် ဖြစ်ပါတယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဉ်က ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ သား၊ သမီး၊ ဆွေမျိုးတော်စပ်သူတွေကို ဖိတ်ကြားထားပြီး အခမ်းအနားကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ တချို့ဆို အသက်(၉၀)ကျော်တွေပါပါတယ်။ သူတို့ကိုယ်တိုင်က လိုလိုလားလားနဲ့ တက်ရောက်လိုတဲ့ ဆန္ဒရှိကြတဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

 

5

 

ဦးထွန်းရွှေ(မြို့မိမြို့ဖ)

အဘအသက်က (၉၁)နှစ်ရှိပါပြီ။ မူလတန်းကျောင်းအုပ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပင်လုံမှာ ညီလာခံတွေ ကျင်းပပြီး ပင်လုံစာချုပ် ချုပ်တဲ့အချိန်က အသက် (၁၇)နှစ်အရွယ်ဖြစ်ပါတယ်။ အဲဒီအချိန်က အဘရဲ့အဘိုးက စာရေးကြီးဆိုတော့ အဘိုးနဲ့အတူ ပင်လုံစာချုပ်ချုပ်တဲ့ အခမ်းအနားကို လိုက်လာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်ချုပ်ဆိုမှု အထိမ်းအမှတ်အနေနဲ့ သပြေတိုင်ပေါ့။ “တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်ကျောက်တိုင်” ဆိုပြီး ကမ္ပည်းထိုးထားတဲ့ တိုင်လေးပဲစိုက်ထားတယ်။ နောက်ပိုင်းမှာ သပြေတိုင်ကို ကျောက်တိုင်အဖြစ် အခိုင်အမာတည်ဆောက်တဲ့အခါမှာ “ပြည်မ တောင်တန်း ပူးပေါင်းရေးစာချုပ်ကျောက်တိုင်”ဆိုပြီး ကမ္ပည်းတင်ခဲ့တယ်။ ပင်လုံမြို့မှာ တိုင်းရင်းသားပြည်သူအားလုံး စည်းစည်းလုံးလုံးနဲ့ ပြည်ထောင်စုနေ့ကို ကျင်းပတာလည်း အများကြီးကျေးဇူးတင်ပါတယ်။ တိုင်းပြည်အေးချမ်း သာယာရေးကို အားလုံးစည်းစည်းလုံးလုံး ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။

စိုင်းကွမ်တိုင်း(ကျောင်းသား)

တောင်တန်းပြည်မ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ကြောင်းကို ပင်လုံစာချုပ်ချုပ်ဆိုပြီး ပြသနိုင်ခဲ့တယ်။ တစ်တိုင်းပြည်လုံး လွတ်လပ်ရေးကိုလည်း ရယူနိုင်ခဲ့တယ်။ အခုအခြေအနေမှာလည်းတိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြန်လည်တွေ့မြင်ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ NCA လက်မှတ်ရေးထိုးလာကြတယ်။ ငြိမ်းချမ်းရေး အတွက် ၂၁-ရာစု ပင်လုံညီလာခံတွေကိုလည်း ကျင်းပလျက်ရှိတယ်။ ဒီလိုကိစ္စ တွေကနေတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွေ ပိုမိုရရှိလာတယ်လို့ မြင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ကိုလည်း NCA လက်မှတ်ရေးထိုးဖို့ တိုက်တွန်းချင်ပါတယ်။ ဒါမှ တစ်ကယ့်ငြိမ်းချမ်းရေးအစစ်အမှန်ကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းမှုရှိရင် ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုနေ့ဆိုတာ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ တောင်တန်းပြည်မအားလုံး ပူးပေါင်းလက်မှတ်ရေးထိုးခဲ့ပြီး လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ကာ တိုင်းရင်းသားအားလုံးပါဝင်တဲ့ နိုင်ငံတော်ကို ထူထောင်နိုင်ခဲ့တဲ့နေ့လို့ မြင်ပါတယ်။ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပင်လုံမှာ ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း တက်ရောက်မယ်ဆိုတော့ လေးစား ဂုဏ်ယူမိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပင်လုံစာချုပ် လက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးကို ရယူခဲ့တဲ့ သမိုင်းဝင် ပင်လုံမြို့မှာ ကျင်းပခြင်းဖြစ်တဲ့အတွက် မျိုးဆက်သစ်လူငယ်တွေ၊ တိုင်းသူပြည်သားတွေအားလုံး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းကို ပြန်လည် အမှတ်ရစေမယ်လို့လည်း မြင်ပါတယ်။

 

6

 

နန်းမြတ်ထွေး(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

ပင်လုံမြို့မှာ ပြည်ထောင်စုနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးတဲ့အတွက်နဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ သား၊ သမီး၊ ဆွေမျိုးတော်စပ်သူတွေကို ဖိတ်ခေါ်ပေး တဲ့အတွက် မြို့သူမြို့သားများကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိအောင် ဆွေးနွေးအဖြေရှာပေးကြဖို့ ပြောကြားချင်ပါတယ်။

စိုင်းဆု(ဒေသခံလူငယ်)

ပြည်ထောင်စုဆိုတာကို သန္ဓေတည်ပေါက်ဖွားလာတဲ့ နေရာမှာ၊ ဒီနေရာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အခမ်းအနားကို ကျင်းပပေးတာဟာ တိုင်းရင်းသား တွေအပေါ်မှာ အလေးအနက်ထားတယ်ဆိုတဲ့ သဘောထားကို ပြသခြင်း ဖြစ်တယ်လို့ မြင်မိပါတယ်။ ပြည်ထောင်စုဆိုတာ မတူကွဲပြားတဲ့ ဒေသတွေက မတူကွဲပြားတဲ့ လူမျိုးစုတွေအတူတကွ ပူးပေါင်းနေတာကို ပြည်ထောင်စု လို့ခေါ်တယ်ဆိုတာ သိမှတ်ရပါတယ်။ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ စတဲ့မတူကွဲပြားမှုတွေနဲ့ အတူတကွပူးပေါင်းနေထိုင်ကြတဲ့ တိုင်းပြည်တစ်ခုလို့ အဓိပ္ပာယ်ကို ခံယူပါတယ်။

တိုင်းပြည်ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနိုင်မှာမဟုတ်တဲ့ အတွက် လူငယ်တွေရဲ့ ရှေ့ရေးကို မျှော်တွေးပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ ကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြသူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ချမှတ်ထားတဲ့ မူဘောင်တွေနဲ့အညီ ဆွေးနွေး အဖြေရှာပြီး ရလဒ်ကောင်းတွေ အမြန်ဆုံးရရှိအောင် ဆောင်ရွက်နိုင်ကြပါစေလို့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ဆုတောင်းလိုက်ပါတယ်။

 

7

 

ဦးခွန်စောယွန်း(ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့)

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မယ်။ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ သား၊ သမီး၊ ဆွေမျိုးတော်စပ်သူတွေလည်း တက်ရောက်ကြမယ်ဆိုတော့ ဒေသခံတစ်ဦးအနေနဲ့ အများကြီးဝမ်းသာဂုဏ်ယူရပါတယ်။ ကိုလိုနီနယ်ချဲ့ တွေ ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားတွေကို ဘယ်လိုပဲသွေးခွဲ သွေးခွဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ကြိုးစားမှုရဲ့ အသီးအပွင့်၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ စည်းလုံးမှုအကျိုးရလဒ်ကို မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ခံစားနေရပြီ ဖြစ်ပါတယ်။

နောင်လာမယ့် ပြည်ထောင်စုနေ့အခမ်းအနားတွေမှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့ သား၊ သမီး၊ ဆွေမျိုးတော်စပ်သူတွေကို ဖိတ်ကြားပြီး ပင်လုံမြို့မှာ ယခုလိုပဲ လာရောက် ကျင်းပပေးစေချင်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့် တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုလည်း မကြာမီမှာ တွေ့မြင်ရတော့မယ်လို့ ကျွန်တော့်အနေနဲ့မျှော်လင့်ပါတယ်။

တွေ့ဆုံမေးမြန်း- မျိုးသူဟိန်း(သတင်းစဉ်)
ဓာတ်ပုံ-ကိုကြီးထိန်(MNA)