တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစုပေါင်းအင်အားဖြင့် တည်ဆောက်

ဗိုလ်ချုပ်အောင်ဆန်းသည် ကျဆုံးချိန်တွင် အသက် ၃၂ နှစ်အရွယ်သာ ရှိသေး၏။ ထိုစဉ်က ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဒုတိယသဘာပတိ အဖြစ် တာဝန်ယူဆောင်ရွက်နေသည်။ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည်ဟု ကတိကဝတ်ကိုလည်း ဗြိတိသျှတို့ထံမှ ရရှိထားပြီး ဖြစ်သည်။ထိုအချိန်သည် မကြာမီပေါ်ထွန်းလာတော့မည့် လွတ်လပ်ပြီး မြန်မာနိုင်ငံတော်တွင် မည်ကဲ့သို့စီမံအုပ်ချုပ်မည်ကို တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ကာ စည်းဝေးတိုင်ပင် ဆွေးနွေးနေသောကာလဖြစ်သည်။ ဤကဲ့သို့ မြန်မာ့လွတ်လပ်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေသော ကာလတွင် မသမာသူတို့၏လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ရာ လှေလှော်ရင်းတက်ကျိုးဆိုသလို နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုကြီးပင် ဖြစ်သည်။

 

ဆိုခဲ့ပါအခြေအနေသို့ မရောက်မီက ကိုလိုနီနယ်ချဲ့တို့သည် ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ဖ.ဆ.ပ.လအဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် ပြည်မနှင့် တောင်တန်းနယ်များပူးပေါင်းရန် အရေးဆိုလာတော့မည်ကို ကြိုသိနေကြ၏။ နယ်ချဲ့တို့သည် ၎င်းတို့အကျိုးစီးပွားကာကွယ်ရေးအတွက် တောင်တန်း နယ်များကိုချန်လှပ်ကာ လွတ်လပ်ရေးမပေးလိုကြ။ ထို့ကြောင့်ပင် တောင်တန်းဒေသနှင့်ပြည်မ မပူးပေါင်းနိုင်ရန် ကိုလိုနီနယ်ချဲ့တို့က သပ်လျှိုသွေးခွဲမှုများ၊ နိုင်ငံရေးခြေထိုးမှုများကို လုပ်ဆောင်ထားခဲ့ကြသည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးကြိုးပမ်းရာတွင် တောင်တန်း၊ ပြည်မ မခွဲခြားဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး လွတ်လပ်ရေး ရရှိရန်လိုလား၏။ ထို့ကြောင့် ၁၉၄၆ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး မြန်မာပြည်အနှံ့ခရီးထွက်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် နိုဝင်ဘာလမှ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက် ပင်လုံညီလာခံမတိုင်မီအချိန် နှစ်လကျော် သုံးလကာလအတွင်း ကရင်နီနယ် (ယခုကယားပြည်နယ်)၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားတို့အထိ ခြေဆန့်ကာ တိုင်းရင်းသားများ ပြည်မနှင့် တစည်းတလုံးတည်းပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံး လုံးဝ လွတ်လပ်ရေးရရှိရန် စည်းရုံးဆောင်ရွက်ခဲ့သည်။

 

အထက်ကဆိုခဲ့သည့်အတိုင်း နယ်ချဲ့တို့က မည်သို့ပင်သပ်လျှို သွေးခွဲထားသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းအားကြောင့် တောင်တန်းဒေသမှ တိုင်းရင်းသားများက ပြည်မနှင့်ပူးပေါင်းကာ လွတ်လပ်ရေးအရယူမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးနိုင်ခဲ့သော ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်က သက်သေပင်ဖြစ်သည်။ ဤသည်ကား ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည်ပင်ဖြစ်တော့သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည်နှင့် ပတ်သက်၍ ဝန်ကြီး ချုပ်ဟောင်းဦးနုက“ဗိုလ်ချုပ်အောင်ဆန်းမှာ ကိုယ်တွင်းသံလိုက်ဓာတ် အလွန်ကောင်းသောသူဖြစ်သည်။ သူနှင့်တွေ့ရလျှင် အကျကြီးကျသွားသူ သာများလေသည်။ ဂျပန်တော်လှန်ရေး၏ အဓိကဖြစ်သော ကရင်ဗမာ ချစ်ကြည်ရေး အတော်အတန် ခရီးရောက် ထမြောက်အောင်မြင်ခဲ့သည်မှာ ဤသံလိုက်ဓာတ်ကြောင့်ဟုဆိုလျှင် မမှားနိုင်ပေ”ဟု သူ၏ငါးနှစ်ရာသီ ဗမာပြည်စာအုပ်တွင် ရေးသားထားသည်။

 

ထိုကဲ့သို့သော ဗိုလ်ချုပ်အောင်ဆန်း၏စည်းရုံးရေးစွမ်းအင်ကို နှောင်းလူတို့ လေးစားအတုယူသင့်ပါသည်။ အချိန်အနည်းငယ်အတွင်း တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို အများဆုံးလုပ်ဆောင်နိုင်ခြင်းသည် ဗိုလ်ချုပ် ၏ ပင်ကိုရိုးသားမှု၊ တိုင်းရင်းသားများအပေါ် ချစ်ခင်လေးစားမှုနှင့် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်ခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။

 

ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ရသည်မှာ နှစ်ခုနစ်ဆယ်ကျော် ကြာခဲ့ပေပြီ။ ဗိုလ်ချုပ်၏မိန့်မှာချက်များကတော့ ကျန်ရှိနေဆဲပင်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညပိုင်း ပင်လုံညစာစားပွဲတွင် ဗိုလ်ချုပ်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ဖော်ပြရလျှင် “တစ်တိုင်းပြည်လုံးကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ၊ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်း တို့ကတခြား အကွဲကွဲ အပြားပြားလုပ်နေကြရင်ဖြင့် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်မယ်”ဟူသတည်း။ ။