တက္ကသိုလ်မှာ ဝေတဲ့နှင်း

စာရေးသူ ဆယ်တန်းအောင်တော့ ၁၉၇၁ ခုနှစ်ပေါ့။ ဇာတိက မိတ္ထီလာ၊ ဘာသာတွဲက ဝိဇ္ဇာသိပ္ပံဆိုတော့ အဲဒီအချိန်က တောင်ကြီးနှင့် မကွေး ဒီဂရီကောလိပ်တွေကို တစ်လှည့်စီ ကျောင်း တက်ရတယ်။ စာရေးသူတို့အောင်တဲ့နှစ်က မကွေးကောလိပ်ကို အလှည့်ကျခဲ့တယ်။ ဒီတော့လည်း အဓိပတိလမ်းက ခုံတန်းရှည်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်ပုပ်ပင်၊ ကံ့ကော်ပန်းတွေနှင့် လွမ်းစရာ့ ရန်ကုန်တက္ကသိုလ်အိပ်မက်ဟာ အဝေးမှာ ကျန်ခဲ့ပါတော့တယ်။

ရန်ကုန်တက္ကသိုလ်သည် စံပြတက္ကသိုလ်

မကွေးကောလိပ်မှာတက်ရင်း နောက်ဆုံးနှစ်ဖြစ်တဲ့ ၁၉၇၅ ခုနှစ်ရောက်တော့ ရန်ကုန်တက္ကသိုလ်က ဦးသန့်အရေးအခင်းဟာ နယ်တက္ကသိုလ်နှင့် ကောလိပ်များဆီကို ပျံ့နှံ့ကူးစက် ရောက်ရှိလာတယ်။ တစ်နိုင်ငံလုံးမှာ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တွေဟာ အရေး အခင်းတွေ အများဆုံးပေါ့။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ခနှင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေလည်း ထိုစဉ်ကမကွေးကောလိပ်ကိုရောက်ရှိလာပြီး ကျောင်းသားခေါင်းဆောင်တွေနှင့် ညှိနှိုင်းသေးတယ်။ အဲဒီအချိန်မှာ မကွေးကောလိပ်ကျောင်းအုပ်က ဒေါက်တာမောင်ဒီလို့ ထင်ပါတယ်။ ဒါပေမယ့် မကြာခင် တက္ကသိုလ်နဲ့ ကောလိပ်တွေအားလုံးပိတ်လိုက်တာကြောင့် ကျောင်းဆောင်တွေကို အဝေးပြေးကားကြီးတွေ ရောက်လာပြီး ကျောင်းသား ကျောင်းသူ တွေကို ဇာတိမြို့အရောက် ပြန်ပို့ပေးခဲ့တယ်။

ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာတယ် ပြောရမလား။ မကွေးကထွက်လို့ ကျောက်ပန်းတောင်းမရောက်မီ တောထဲမှာ သေနတ်ကို မိုးထောင်ဖောက် ကားကိုတားပြီး ဓားပြတိုက် ခံရပါတော့တယ်။ ပြအချို့က တောထဲမှာ၊ အချို့က ကျောင်းသား ကျောင်းသူတွေကို "ကားပေါ်ကဆင်း၊ မော့မကြည့်နဲ့၊ ရှိတာ အကုန်ထုတ်"ပေါ့။ ဦးထုပ်တစ်လုံးနဲ့ အလှူခံ သလိုထည့်ခိုင်းတော့တာပါပဲ။ ခဏအကြာမှာ မကွေးဘက်ကမောင်းလာတဲ့ ကားငယ်တစ်စီးဟာ ဓားပြတွေတားတဲ့ကြားက ဇွတ်မောင်းပြီး ကျောက်ပန်းတောင်းဘက် ပြေးထွက်သွား ခဲ့တယ်။ ကျောက်ပန်းတောင်းက သိပ်မဝေးတော့ သတင်းအရရဲလိုက်လာမှာ စိုးရိမ်တယ်။ ဓားပြရဲ့ အလှူခံဦးထုပ်လည်း မျက်နှာရှေ့ အရောက်မှာ ကားပေါ်ကဆင်းစဉ်က နောက်ဆုံးဆင်းတဲ့ စာရေးသူဟာ “တက်တော့ နောက်ကျန်တစ်ယောက်သစ္စာဖောက်"ဆိုပြီး ရှေ့ဆုံးက ကျော်တက်လိုက်တာကြောင့် ဘယ်လိုကားပေါ် ရောက်သွားမှန်းမသိဘဲ ချမ်းသာရာ ရသွားခဲ့တယ်။

အမှတ်တရ ဇာတ်လမ်းလေးပါပဲ။ ဒါပေမယ့် ဇာတ်လမ်းက မသန်းဆိုသလို အပျော်တွေ ပျက်ပြန်ပါလေ၏။ အကြောင်းကတော့ တစ်လခန့်အကြာမှာ တက္ကသိုလ်နှင့်ကောလိပ် နောက်ဆုံးနှစ် စာမေးပွဲများကို ဇာတိမြို့က အထက်တန်းကျောင်းတွေမှာပဲ ရုတ်တရက် ဖြေလိုက်ရပြီး အောင်စာရင်း ထွက်လာခဲ့ပါတော့တယ်။

အဲဒီအချိန်ကစပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေဟာ အဓိပတိလမ်းက ခုံတန်းရှည်နှင့် ဝေးခဲ့ရသလို မကွေးကောလိပ်ကျောင်းသားကျောင်းသူတွေလည်း ထန်းတောညို။ ကုက္ကိုတန်းနှင့် တမာလမ်းကို ခွဲခွာခဲ့ရတာပါ။ ခုအချိန်မှာ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ တက္ကသိုလ်တွေ အများအပြားရှိနေပါပြီ။ ဒါပေမယ့် ရန်ကုန်တက္ကသိုလ်ဟာ တက္ကသိုလ်များရဲ့ အဓိပတိ၊ တက္ကသိုလ်များရဲ့ စံပြ၊ ခေတ်အဆက်ဆက် ကောင်းတူဆိုးဖက်တွေပါပဲ။ 

ဦးကျည်ပွေ့ထုံး နှလုံးမူ

မြန်မာ့သမိုင်းမှာ ဆရာတော်ဦးကျည်ပွေ့ဟာ သက္ကရာဇ် ၆၁၇ ခုနှစ် ပုဂံမှာ နရသီဟ ( ပတေ့မင်းပြုစဉ်မှာ သက်တော် ၆၀ နှစ်ရှိနေ ပါပြီ။ တစ်နေ့တော့ ဆရာတော်ဟာ တံပူပစ်ချ တဲ့ တွင်းမှာ တံပူတွေပြည့်နေတာကို မြင်ရ တယ်၊ ဒီတော့ “ငါလည်းတစ်နေ့စာတစ်ကြောင်း ဖြစ်ဖြစ် သင်အံလေ့ကျရင် ကျမ်းတတ်ပုဂ္ဂိုလ် ဖြစ်နိုင်တယ်”လို့ ယုံကြည်မိသတဲ့။ ဒါကြောင့် အသက် ၆၀ နှစ်မှာ စာသင်တယ်။ နောင်မှာဆရာတော်ဟာ သင်ပုန်းကြီးဋီကာနှင့် သဒ္ဒါကျမ်းတို့ကို ပြုစုနိုင်ခဲ့တယ်။ ပြောချင်တာက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မှာ စာရေးသူ နိုင်ငံ့တာဝန်က ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးနှင့် အငြိမ်းစားယူခဲ့တယ်။ ဝန်ထမ်းဘဝ နှစ် ၄ဝ လုပ်ကိုင်ပြီး အငြိမ်းစား ယူလိုက်တော့ ဟိုဟာလုပ်ရကောင်းမလား။ ဒီဟာလုပ်ရကောင်းမလားဆိုပြီး အချိန်တွေ ပိုနေတယ်။ ဒါနဲ့ တစ်နေ့တော့ မမျှော်လင့်ဘဲအခွင့်အရေးတစ်ခုပေါ်လာတယ်။

မိတ်ဆွေတစ်ယောက် အိမ်ကိုရောက်လာပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ သူ ၊ ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ Online တက်နေကြောင်းနဲ့ မကြာမီ ပြီးတော့မယ်လို့ ပြောခဲ့တယ်။ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို သင်တန်းနှင့်ပတ်သက်လို့ အသေးစိတ် မေးလိုက်တယ်။ မူလရခဲ့တာက ဓာတုဗေဒ ဆိုပေမယ့် စိတ်ဝင်စားခဲ့တာက တကယ်တော့ ဥပဒေပါ။ ဥပဒေဆိုတာက လေ့လာလိုက်ရင် တော်တော် ကျယ်ပြန့်တယ်။ ပင်လယ်ထဲ ရေကူးသလို ကမ်းမမြင် လမ်းမမြင်၊ လေ့လာစရာက တစ်ပုံတစ်ပင် ခေတ်ကလည်း ဒီမိုကရေစီခေတ်၊ ဘာပဲလုပ်လုပ် ဥပဒေနဲ့ညီဖို့လိုတယ်။

ရန်ကုန်တက္ကသိုလ်သို့ ခြေချခြင်း

မြေလတ် မကွေးကောလိပ်မှာ လေးနှစ်ကြာပြီးနောက် နိုင်ငံ့ဝန်ထမ်းဘဝ အိမ်ထောင်ကျတော့ ဇနီးဖြစ်သူကပုသိမ်ကောလိပ်ဆင်းဖြစ်တယ်။ ဒါကြောင့် ဘွဲ့လက်မှတ်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှိ ရုံးခန်းကို ၁၉၇၈ ခုနှစ်မှာ လာထုတ်ရတယ်။ မော်ကွန်းထိန်းက ဒေါ်စိန်စိန်ပေါ့။ စာရေးသူ ရန်ကုန်တက္ကသိုလ်မြေကို ပထမဆုံး ခြေချခဲ့ဖူးခြင်းပါပဲ။

ဥပဒေဘွဲ့လွန်အတွက်တော့ သထုံလမ်း မှာရှိတဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေ ဌာနကို ဒုတိယအကြိမ် ရောက်ရှိပြီး အိပ်မက်တွေ မက်ခွင့်ရခဲ့တာပါ။ အဲဒီအချိန်တုန်းက တက္ကသိုလ်ရိပ်သာလမ်းကနေ လှည်းတန်းဘက် မသွားချင်တဲ့ ကားတွေဟာ အင်းလျားလမ်းနဲ့ ပြည်လမ်းမကို ထွက်ပြီး ရန်ကုန်မြို့ တွင်းဘက်သွားတဲ့ကားတွေဟာ သထုံလမ်းကို ဖြတ်မောင်းတာ အများကြီးပါပဲ။ ဒီတော့လည်း သထုံလမ်းဟာ လူတွေ ကားတွေနဲ့ စည်ကားနေခဲ့တယ်။ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းက အဆောင်တွေနဲ့ တက္ကသိုလ်ပုံနှိပ်တိုက်ကို တက္ကသိုလ်ရိပ်သာ လမ်းကကွေ့ဝင်လိုက်တာနဲ့ သထုံလမ်းဘေးမှာ တွေ့ရတယ်။ တက္ကသိုလ်အားကစားကွင်း၊ အားကစားရုံ၊ တင်းနစ်ကွင်းတွေလည်း ရှိတယ်။ တစ်ချိန်က ရန်ကုန်တက္ကသိုလ် အားကစားလောကနှင့် ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်းကို သတိရမိတယ်။

စာရေးသူသထုံလမ်းထဲ ဝင်လိုက်တာနဲ့ စိတ်ထဲမှာအေးချမ်းသွားတယ်။ လမ်းဘေးက နှစ်ရှည် ပိတောက်ပင်ကြီးတွေကြောင့်လား၊ ဒါမှမဟုတ် ရန်ကုန်တက္ကသိုလ်ရဲ့ ရင်ခွင်ကို အသက်၆၀ကျော်မှ ဝင်ရောက်ခွင့်ရလို့လား၊ လူကတော့ နုပျိုလန်းဆန်းသွားတာ အမှန်ပဲ။ 

ပညာခေတ်၏ စိန်ခေါ်မှု 

ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း First Semester မှာ (၅)ဘာသာ Second Semester မှာ Term Paper အပါအဝင်(၅) ဘာသာ၊ စုစုပေါင်း (၁၀) သာ ရှိပါတယ်။ သာမန်အချိန်မှာတော့ Online ကသက်ဆိုင် ရာဘာသာရပ်ရဲ့ Short Question တွေ၊ Asignment တွေ ဖြေရတယ်။ သက်ဆိုင်ရာ First Semester se Second Semester စာမေးပွဲတွေကိုတော့ ကိုယ်ပိုင် Laptop Computer နဲ့ အင်္ဂလိပ်လို ဖြေရတယ်။ မေးခွန်းတွေကတော့ ကျောင်းသားတစ်ဦးနှင့် တစ်ဦးမတူဘူး။ သင်တန်းတစ်ခုမှာ ဘယ်လောက်ပဲတက်ခွင့်လျှောက်ထားပေမယ့် အရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံလေ့ရှိတယ်။ စာမေးပွဲ မကျရှုံးရင် တစ်နှစ်အတွင်း အောင် လက်မှတ်ရတယ်။

အဝေးသင် သင်ကြားရေးစနစ်ကို ကမ္ဘာမှာ ၁၇၂၈ ခုနှစ်ကစပြီး ကျင့်သုံးခဲ့တယ်။ အခုဆိုရင် နိုင်ငံတွေ အများအပြားမှာ အဝေးသင် တက္ကသိုလ်တွေတိုးချဲ့ဖွင့်လှစ်ပြီး ခေတ်မီနည်း ပညာတွေနဲ့ ပိုမိုထိရောက်တဲ့ သင်ကြားမှု၊ သင်ယူမှုတွေ ဆောင်ရွက်နေတယ်။ မြန်မာ နိုင်ငံအနေနဲ့လည်း Online မှသင်ကြားပို့ချမှု တွေကို ရန်ကုန်တက္ကသိုလ် ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှာ ပို့ချနေတယ်။ ရုပ်မြင်သံကြား အသံလွှင့်အစီအစဉ်တွေကိုလည်း နေ့စဉ်ထုတ်လွှင့် ပြသတယ်။

ပညာသင်ယူမှုဌာန (Learning Centre) တွေကို တိုးချဲ့ဖွင့်လှစ်ပြီး ဂြိုဟ်တုကတစ်ဆင့် ထုတ်လွှင့်မှုအစီအစဉ်(Data Broad-Casting System)နဲ့ ပညာရေးဆိုင်ရာ ပညာပေး သင် ခန်းစာတွေကို လေ့လာသင်ယူနိုင်အောင် စီစဉ်ပေးနေတယ်။ အဝေးသင်ရဲ့ သင်ကြားရေး စနစ်ကိုက သင်ယူသူတွေအနေနဲ့ ကိုယ်တိုင်လေ့လာမှုအပေါ် အခြေခံထားတဲ့ စနစ်ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိရတယ်။ ကိုယ်တိုင် လေ့လာ သင်ယူရင်းနှင့် ထူးချွန်သွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။

ပညာလို အိုသည်မရှိ

ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ စာရေးသူတက်တာက ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ Online (၄/၂၀၁၄)ပါ။ နိုင်ငံခြား စီးပွားဆက် သွယ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား(အမျိုးသမီးတစ်ဦးလည်း အတူ တက်ခဲ့သေးတယ်။ ဒီလိုနဲ့ ၂၀၁၅ ခုနှစ် မတ်လ ၂၁ ရက် နံနက်မှာတော့ ရန်ကုန် အဝေးသင် တက္ကသိုလ် စတုတ္ထအကြိမ်ဥပဒေပညာဘွဲ့လွန် ဒီပလိုမာ Online (၄/၂၀၁၄) အပ်နှင်းပွဲနှင့် (၁၅၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်း အနား ကျင်းပခဲ့တယ်။ ဘွဲ့နှင်းသဘင်ခန်းမနှင့် အဓိပတိလမ်းကတော့ ခေတ်တွေ၊ စနစ်တွေ  ဘယ်လိုပြောင်းပြောင်း ဣန္ဒြေသိက္ခာ ကြီးမားစွာ ရပ်တည်နေတယ်။ နာဂစ်မုန်တိုင်း တိုက် ခတ်စဉ်က မလဲပြိုဘဲကျန်ခဲ့တဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့က ဖိုးသက်ရှည် သစ်ပုပ်ပင်ကြီးက နေရောင်အောက်မှာ ဘွဲ့ယူမယ့် ကျောင်းသားကျောင်းသူတွေကို ဝမ်းပန်းတသာ ကြိုဆိုနေပြီး စိမ်းမြမြ ကံ့ကော်တန်းက လေယူရာ တိမ်းလို့ယိမ်းကနေတယ်။ နံနက် ၉နာရီအချိန် မှာတော့ အခမ်းအနားကို မင်္ဂလာဆိုင်းဝိုင်းနဲ့ စတင်ဖွင့်လှစ်တယ်။

စင်မြင့်ပေါ်က ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်နှင့် ဆရာကြီး၊ ဆရာမကြီးတွေကို ဂုဏ်ယူစွာ ကြည့်ရင်း စာရေးသူ အိပ်မက်များ မက်နေသလားလို့ ထင်ခဲ့မိတယ်။

ခေတ်အဆက်ဆက် တာဝန်မပျက်သော ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တယ်။ ရန်ကုန်မြို့တော်ခန်းမ နှင့်မြန်မာ့ရုပ်ရှင်ဟာလည်း အလားတူ စတင်ခဲ့တာ ၁၉၂၀ ပြည့်နှစ်မှာပါပဲ။ ဒါကြောင့် ဖွားဖက်တော်တွေလို့ဆိုရင် မမှားဘူးပေါ့။ ရန်ကုန်တက္ကသိုလ်ဟာ သမိုင်းအစဉ်အလာကြီးသလို မမေ့နိုင်စရာ၊ ဂုဏ်ယူစရာ၊ အထင်ကရတွေလည်း များစွာရှိတယ်။ အာရှနိုင်ငံတွေထဲမှာ အစောဆုံးတက္ကသိုလ်ဖြစ်တယ်။ ကွယ်လွန်သူ စင်ကာပူသမ္မတ လီကွမ်ယူဟာ ရန်ကုန်တက္ကသိုလ်ကိုတက်ဖို့တစ်ချိန်တုန်းက ကြိုးစားခဲ့သေးတယ်။ အမေရိကန် သမ္မတ အိုဘားမားနဲ့ နယ်သာလန်နိုင်ငံ မိဖုရားမက်စီမာတို့လည်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ လာရောက် ဟောပြောခဲ့ဖူးတယ်။

ရန်ကုန်တက္ကသိုလ်ဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဆိုရင် သက်တမ်း နှစ် ၁၀၀ ပြည့်ပြီ။ ဒီဇင်ဘာလဆိုတော့ ရန်ကုန် တက္ကသိုလ်မြေမှာ နှင်းတွေလည်း ဝေနေပြီပေါ့။ ဒါကြောင့် နှင်းတွေနဲ့အတူ အမိ ရန်ကုန် တက္ကသိုလ် ငြိမ်းချမ်းပါစေ၊ သာယာပါစေ၊ သက်တမ်းရာကျော် ဆောင်ကျော် ရှည်ပါစေလို့ ဆန္ဒပြုရင်း..။ ။

မောင်ဒဂုန်(မြန်မာ့မြေ)