တက်လှော်ပြဖူးစာနှင့် ဂျပ်ဆင်  အဓိပတိ  သစ်ပုပ်ပင်အိုအလွမ်း

လှထွန်းနွေ(စက်စဲ)

ဟေမန္တဆောင်းရာသီ၏    အအေးဓာတ်က   အင်းလျားကန်ပေါင်တစ်လျှောက်တွင်   နံနက်ခင်း   နေခြည်နုနု အောက်၌ ကျန်းမာရေးအတွက် လမ်းလျှောက်ကြသူများ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း    လုပ်နေကြသူများ၊ အပြေးလေ့ကျင့်နေသူများဖြင့်  စည်ကားလျက်ရှိသည်။ အရောင်အသွေးမျိုးစုံတို့ဖြင့် အင်းလျားကန်ကို အလှ ဆင်၍နေသည်၊၊ ကန်ပေါင်ပေါ်ရှိ ခုံတန်းလျားများပေါ်တွင်လည်း အမောအပန်းဖြေနေကြသူများ၊ မြက်ခင်း ပေါ်ရှိ စိုစွတ်နေသော နှင်းစက်များပေါ်တွင် ထိုင်နေကြသူများဖြင့် ပနံရ၍နေသည်။

ဦးကျော်သူသည်   အင်းလျားကန်ပေါင်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း   ဟိုဝေးဝေးနှင်းမှုန်များ ကြားတွင် ရန်ကုန်တက္ကသိုလ် ပရဝဏ်ကြီးကို  သစ်ပင် ကြီးများ   အုပ်ဆိုင်းမှိုင်းပျစွာ   မြင်နေရသည်၊၊  ၁၉၂၀ ပြည့်နှစ်ကတည်းက   စတင်ဖွင့်လှစ်ခဲ့သော  အမိရန်ကုန် တက္ကသိုလ်ကြီးသည်   သက်တမ်းအားဖြင့်   နှစ်(၁၀၀)တိုင်ခဲ့ပြီဖြစ်သည်၊၊    တစ်ချိန်က    ရန်ကုန်တက္ကသိုလ် အမိရင်ခွင်ထဲသို့ ဦးကျော်သူ ခိုလှုံခဲ့ဖူးသည်။ ပညာရည် နို့သောက်စို့ခဲ့ဖူးသည်။ အမိတက္ကသိုလ်မှ ပညာသင်ကြား ပေးခဲ့သော ပညာများ အသုံးချ၍ အမိရန်ကုန်တက္ကသိုလ်  ရုက္ခဗေဒဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ပြီး  နိုင်ငံအနှံ့ရှိ ဒီဂရီကောလိပ်၊ တက္ကသိုလ်များတွင် ရာထူး အဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီးနောက် ပင်စင်ယူခါနီး ပါမောက္ခ/ဌာနမှူးတာဝန်ဖြင့်       ပြန်ရောက်လာကာ အမိတက္ကသိုလ်မှပင်  သက်ပြည့်အငြိမ်းစားယူခဲ့သည်၊၊

တစ်ချိန်က အမိရန်ကုန်တက္ကသိုလ်ကြီးသည် ကမ္ဘာကပင် လေးစားဂုဏ်ပြုရသည်အထိ  ကျော်ကြားခဲ့သည်။ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း    ဦးသန့်တို့ ပညာရည်နို့သောက်စို့ခဲ့ရာ      ကျောင်းတော်သာလည်း ဖြစ်သည်။ ကမ္ဘာသိ၊ နိုင်ငံသိ အသိပညာရှင်၊ အတတ် ပညာရှင်ပေါင်းများစွာအပြင်    နိုင်ငံ့အကြီးအကဲပေါင်းများစွာ   မွေးထုတ်ပေးသည့်   အမိတက္ကသိုလ်ကြီးလည်း ဖြစ်သည်။

သက်ပြည့်အငြိမ်းစားယူပြီးနောက်  တက္ကသိုလ်ရနံ့ အငွေ့အသက်မကင်းသည့် ကမာရွတ်မြို့နယ် လှည်းတန်း ဈေးနှင့်  မနီးမဝေးလမ်းသွယ်တွင်   တိုက်ခန်းတစ်ခန်းဝယ်၍     ရရှိသောပင်စင်လစာငွေဖြင့်      ခြိုးခြံချွေတာစွာ     နေထိုင်စားသောက်ပြီး လူတန်းစေ့နေနိုင်ခဲ့သည်။     ဇနီးဖြစ်သူ ဒေါ်မေမြတ်နွယ်ကလည်း မော်လမြိုင်တက္ကသိုလ် ဓာတုဗေဒဌာနမှ   ကထိကရာထူးဖြင့်   အငြိမ်းစားယူခဲ့သည်မို့  ရတာလေးနှင့်   ဝအောင်စား၊  ရှိတာလေးနှင့် လှအောင်ဝတ်ပြီး    သမီးနှစ်ယောက်ကို   ပညာတတ်ဖြစ်အောင်၊ လိမ္မာယဉ်ကျေးအောင် သွန်သင်ပြသနိုင်ခဲ့သည်။    သမီး နှစ်ယောက်လည်း  မိဘနှစ်ပါး၏  သွန်သင်ဆုံးမ လမ်းပြမှုအောက်တွင် ကြီးပြင်းရသူမို့ လူရာဝင်ဆံ့အောင် ပြောဆို   ဆက်ဆံတတ်သည်။ သမီးကြီးမေမြတ်သူက    စည်ပင်အင်ဂျင်နီယာ၊   သမီးငယ်မေမြတ်ဖြူက တိုက်နယ် ဆရာဝန်ဖြစ်လာသည်အထိ မြေတောင်မြှောက်ပေး နိုင်ခဲ့သည်။

သက်ပြည့်ပင်စင်ယူပြီးကတည်းက   ဇနီးမောင်နှံနှစ်ယောက်    တစ်ပတ်လျှင်   သုံးရက်ခန့်    အင်းလျား ကန်ပေါင်ပေါ် အတူတူလမ်းလျှောက်ခဲ့ကြသော်လည်း  ၂၀၁၅ ခုနှစ်တွင်  ဇနီးဖြစ်သူ   ဒူးခေါင်းအကြောညပ်သဖြင့် အသေးစားခွဲစိတ်မှုပြုလုပ်ရ၍  လမ်းကြာကြာ  မလျှောက်နိုင်တော့ဘဲ  အင်းလျားကန်ပေါင်ပေါ်  အတူမလျှောက်နိုင်တော့ချေ၊၊    အိမ်ခြံဝင်းထဲတွင်သာ    သွားလာနိုင်ပြီး တုတ်ကောက်ကို အဖော်ပြုနေရသည်၊၊

ဦးကျော်သူသည် အင်းလျားကန်ပေါင်ပေါ်ရှိ ခုံတန်းလျားပေါ်တွင် အပန်းဖြေရင်း အမောအပန်းဖြေနေမိသည်။ ထိုအင်းလျားကန်ပေါင်ပေါ်တွင်  နောက်ဆုံးနှစ်    ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝက  လမ်းအတူတူလျှောက်ခဲ့ ဖူးသည်၊ ခုံတန်းလျားလေးပေါ်တွင်လည်း အတူတူထိုင်ခဲ့ပြီး ချစ်တေးသီကျွေး ဖွဲ့နွဲ့ဖူးသည်၊  ဂျပ်ဆင်အောက်တွင်လည်း  အတူတူထိုင်ခဲ့ဖူးသည်၊ အဓိပတိလမ်းမပေါ်တွင် အတူတူ လျှောက်ခဲ့ဖူးသည်၊  သစ်ပုပ်ပင်အောက်တွင်လည်း အမှတ်တရ   ဓာတ်ပုံရိုက်ခဲ့ဖူးသည်၊    ဘွဲ့နှင်းသဘင်ရှေ့ လှေကားထစ်ပေါ်တွင်လည်း ထိုင်ခဲ့ဖူးသည်၊  ကံ့ကော်ပင်၊ ငုဝါပင်အောက်က ခုံပြာပြာတွေမှာလည်း အတူတူထိုင်ခဲ့ ဖူးသည်၊ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ စကားလက်ဆုံကျခဲ့ဖူးသည်၊၊

ဦးကျော်သူသည်      အင်းလျားကန်ပေါင်ပေါ်တွင် အပန်းဖြေရင်း  ၁၉၇၄  ခုနှစ်    ဆယ်တန်းကို   ဂုဏ်ထူး နှစ်ဘာသာဖြင့် အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် ပရဝဏ်သို့ တက္ကသိုလ်ကျောင်းသားအဖြစ်  စတင်ခြေချမိချိန်ကာလလေးကို  တရေးရေးပြန်၍  မြင်ယောင်လာသည်။   သူ၏စိတ်အစဉ်သည်လည်း လွန်ခဲ့သော ဆယ်စုနှစ် ငါးစုဝန်းကျင်က  တက္ကသိုလ်လွမ်းမောဖွယ်ရာများကို   တမ်းတမိလေတော့သည်၊၊

၁၉၇၄ ခုနှစ် ဆယ်တန်းအောင်စာရင်းထွက်သောအခါ  ကိုကျော်သူ  ဓာတုဗေဒ၊   ဇီဝဗေဒဘာသာ   ဂုဏ်ထူးဖြင့် အောင်သည်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာ ရွာကလေးတစ်ရွာရှိ လယ်သမားမိသားစုမှ မွေးဖွားသူဖြစ်ပြီး ပညာတတ်တစ်ယောက် ပေါ်ထွက်သဖြင့် တစ်ရွာလုံးက  ဂုဏ်ယူနေကြသည်။ မိဘနှစ်ပါးကလည်း သားအောင်မြင်မှုအတွက် ပျော်တပြုံးပြုံး ဖြစ်ကြသည်။

ကိုကျော်သူကလည်း  မြို့ကြီးပြကြီးတွင်  အခြေချ နေထိုင်ကြီးပြင်းလိုသည့် ရည်မှန်းချက်ရှိသဖြင့်   ရန်ကုန် တက္ကသိုလ် ရုက္ခဗေဒဘာသာရပ်ကို  ပထမဦးစားပေးအဖြစ် ထားပြီး လျှောက်လွှာတင်ခဲ့သည်။ လျှောက်လွှာကျသောအခါ  ရန်ကုန်တက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ် အထူးပြုဖြင့်  တက်ရောက်သင်ကြားခွင့်ရခဲ့သည်။

ကျောင်းဖွင့်ချိန် တက္ကသိုလ်နယ်မြေသို့  ခြေချမိသောအခါ  အားလုံးအသစ်အဆန်းတွေချည်း  မြင်တွေ့ရသည်။ အဓိပတိလမ်းတစ်လျှောက်    စိန်ပန်းပွင့်နီတာရဲတွေက  သူ့အားဆီးကြိုနေသည်။ အဓိပတိလမ်းမထိပ်တွင် ဘွဲ့နှင်း သဘင်ခန်းမကြီးကို အထင်းသားမြင်ရသည်။

ကျောင်းသား    ကျောင်းသူများက      သစ်လွင်တောက်ပနေသော အဝတ်အစားများကို ဝတ်ဆင်လျက်  ကံ့ကော်ပင်၊   စိန်ပန်းပင်၊  ငုဝါပင်အောက်တွင်   ဟိုတစ်စု၊  သည်တစ်စုထိုင်ရင်း    စကားလက်ဆုံကျနေကြသည်။  တချို့ကလည်း  အမှတ်တရဓာတ်ပုံရိုက်နေကြသည်။

သူတို့လေးတွေကိုကြည့်ရင်း ကိုကျော်သူ  ကိုယ့်ကိုယ်ကိုယ်  သိမ်ငယ်နေမိသည်။  ဆင်းရဲချို့တဲ့သော မိဘများကို  အဝတ်အစားဝယ်ဖို့   မပူဆာရဲပါ။    မိမိ၏   ရည်မှန်းချက်ကလည်း ပညာရေးကို    ထူးချွန်ပြောင်မြောက်အောင်  ကြိုးစားဖို့ဖြစ်သည်။  စာသင်ချိန်တိုင်း    ဆရာဆရာမတို့၏   သင်ကြားပြသမှုများကို    အပတ်တကုတ် လေ့လာပြီး  ကြိုးစားအားထုတ်ခဲ့သည်။

နယ်မှကျောင်းသားများကို      အဆောင်ပေးသဖြင့် ကိုကျော်သူ       “ပဲခူးဆောင်” တွင်     နေခွင့်ရသည်။ အဆောင်တွင် ထမင်းကျွေးသဖြင့် စရိတ်သက်သာသည်။ အတတ်နိုင်ဆုံး   ငွေကြေးကို     ခြိုးခြံချွေတာသုံးသည်။  နေပူမိုးရွာမရှောင် မိုးထဲရေထဲတွင် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေကြသော    မိဘနှစ်ပါးကိုလည်း     အမြဲတမ်း မြင်ယောင်နေသည်။  မိဘနှစ်ပါး၏ကျေးဇူးကို တစ်နေ့ပြန်ဆပ်နိုင်ရန်အတွက် သန္နိဋ္ဌာန်ချထားသည်။

ဒုတိယနှစ်တက်သောအခါ     ရန်ကုန်တက္ကသိုလ် ပရဝဏ်အတော်များများသို့      သွားတတ်လာတတ်လာသည်။   စာသင်ဆောင်မှ      အဆောင်နှစ်ခုတည်းသာ    သွားလာတတ်ရာမှ  တဖြည်းဖြည်း နယ်ပယ်ချဲ့ထွင်လာသည်။ သူငယ်ချင်း အပေါင်းအသင်းလည်း   များလာသည်။   သူငယ်ချင်းများနှင့် ကင်န်တင်းသွားလာ တတ်လာသည်။

ထိုအချိန်က ဦးချစ်လက်ဖက်ရည်ဆိုင်သည် နာမည်ကြီးသည်။ ထိုအချိန်က အဆိုတော်များ၏ “တစ်ခါတုန်းက  တက္ကသိုလ်မှာ”၊   “တက္ကသိုလ်ကျောင်းက      ငွေလမင်း”၊   “ချစ်ရက်ရှည်ရှည် အင်းလျားမြေ” သီချင်းတို့သည် နာမည်ကြီးသည်။ နောက်ပိုင်းတွင် အဆိုတော်ကိုင်ဇာ၏ “သူတို့ လေးတွေ သိပါတယ်”၊ “တူနှစ်ကိုယ်တိုင်းပြည်”  သီချင်းများသည် တက္ကသိုလ်ကျောင်းသား   ကျောင်းသူများ၏ ပါးစပ်ဖျားတွင် ရေပန်းစားခဲ့သည်။ လွှမ်းမိုး၊   မင်းအောင်၊  အနိုင်၊ အောင်သူ၊ ခိုင်ထူး၊ စိုးလွင်လွင်စသည့် အဆိုတော်များ၏ သီချင်းများ၊ အဆိုတော် ခွန်သန်းထွန်း၏ “နွေဆိုး”  သီချင်းသံသည်လည်း     ရန်ကုန်တက္ကသိုလ်မြေတွင် ရေပန်းစားခဲ့သည်။ အဆိုတော်ကိုင်ဇာ၊ မေဆွိ၊ မေခလာ တို့သည်လည်း       အမိရန်ကုန်တက္ကသိုလ်ကြီးတွင်   ပညာရည်နို့သောက်စို့ခဲ့ဖူးပြီး      သူတို့၏သီချင်းများသည်လည်း ခေတ်စားခဲ့သည်။

မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခုကို  ယခုတိုင် မှတ်မိနေသေးသည်။      ကျောင်းသားတစ်ယာက်၊ ကျောင်းသူတစ်ယောက်  လမ်းလျှောက်လျှင်  အမြဲတမ်း စနောက်တတ်ကြသည်။  ကိုကျော်သူတစ်ယောက်တည်း    ရန်ကုန်တက္ကသိုလ်  ဝိဇ္ဇာခန်းမမှ စီးပွားရေးတက္ကသိုလ်ရှိ စားသောက်ဆိုင်တန်းဘက်သို့      အသွားတွင်  “အမြန်လျှောက်၊ ဘယ်ညာ …… ဘယ်ညာ …….. ဘယ်ညာ” မိန်းကလေးတစ်စု    ဝိဇ္ဇာခန်းမရှိ   ရေတမာပင်  အောက်တွင် ထိုင်နေရာမှ လှမ်းနောက်လေတော့သည်။ အများနှင့် တစ်ယောက်မို့ ခြေလှမ်းတွင်  အယောင်ယောင် အမှားမှားဖြင့်  ခလုတ်တိုက်မိလေတော့သည်။  မှောက်မကျအောင် ကိုယ်ရှိန်မနည်းသတ်လိုက်ရသည်။

နောက်မှ    ဖူးစာရေးနတ်က     ကိုကျော်သူအား မြားနတ်မောင်အဖြစ် လုပ်ပေးလိုက်မှန်း နောက်မှသိလိုက် ရသည်။ ထိုမိန်းကလေးအုပ်စုထဲ၌  နောင်တွင် သူ့အတွက် ဘဝခရီးဖော်ဖြစ်လာမည့် တောင်ငူမြို့သူလေး မမေမြတ်နွယ် (ခ)နွယ်လည်းပါသည်။   သူ့အကြည့်က    ကိုကျော်သူ၏ နှလုံးသားကို ရိုက်ခတ်သွားလေတော့သည်။

ဒုတိယစာသင်နှစ်ပြီးဆုံးသောအခါ ရန်ကုန်တက္ကသိုလ်ခြေလျင်နှင့်  တောင်တက်အသင်းမှ   ပုပ္ပား တောင်သို့ ခရီးကြမ်းထွက်ရန်ရှိသည်။ ကိုကျော်သူလည်း ခြေလျင်နှင့်    တောင်တက်အသင်းဝင်မို့     သွားရန် စာရင်းပေးလိုက်သည်။ ခြေလျင်နှင့်  တောင်တက်အသင်းသားပေါင်း ၁၀၀ ခန့် ရှိသဖြင့် မော်တော်ယာဉ်သုံးစီးဖြင့် ထွက်ခွာခဲ့သည်။

တောင်ခြေရောက်မှ    ကိုကျော်သူ   တိတ်တခိုးချစ်ရ သူလေး နွယ် ပါမှန်းသိလိုက်ရ၍  အလွန်ပျော်သွားသည်။ သို့သော် ကိုယ်ကသာ တိတ်တိတ်ကလေး  ချစ်မိနေသော်လည်း  စကားမပြောရဲသေး။    နောက်မှ   ဓာတုဗေဒ ကျောင်းသူမှန်း သိလိုက်ရသည်။  တိတ်တခိုးအကြည့်တွေကြောင့်   နွယ့်သူငယ်ချင်းများကလည်း    ရိပ်မိ လာကြသည်။ သူငယ်ချင်းတွေကလည်း  စကြနောက်ကြမို့  နွယ်လည်း ရိပ်မိလာသည်။

သူငယ်ချင်းတွေက        စကြနောက်ကြသဖြင့်  နွယ်လည်း ရှက်ပြုံးကလေးဖြင့်      သူငယ်ချင်းများကို   လက်သီးဆုပ်ကလေးဖြင့် ထုရိုက်နေသည်။  တောင်တက်အသွားအပြန်ခရီးတစ်လျှောက်    နွယ်တို့သူငယ်ချင်းတစ်စု  အနားသို့  ကပ်လိုက်ရန်    တိုက်တွန်းသော်လည်း အနားမကပ်ရဲချေ၊  နွယ့်အနားတွင်  ယက္ခကုမ္ဘဏ်တွေက ဝိုင်း၍နေသည်။

လမ်းတစ်လျှောက် စကြနောက်ကြရင်းဖြင့်   ပုပ္ပားတောင် ခြေလျင်တောင်တက်ခရီးသည်  အပျော်များဖြင့် ပြီးဆုံးခဲ့သည်။       နွေရာသီကျောင်းပိတ်ရက်တွင် ကိုကျော်သူ       ရင်ထဲဟာတာတာ၊    ကျောင်းကြီးကိုပဲ    လွမ်းသလိုလို၊  နွယ့်ကိုပဲ လွမ်းသလိုလို ခံစားရသည်။
လယ်ယာအလုပ်တွေ  ကူလုပ်ရင်း   အလွမ်းတွေကို ဖြေသိမ့်ရသည်။ ရေဒီယိုထဲမှ တက္ကသိုလ်နှင့်  ပတ်သက်သော  သီချင်းတွေကြားတိုင်း  အမိတက္ကသိုလ်ကြီးကို  လွမ်းပါသည်။  ဂျပ်ဆင်၊   သစ်ပုပ်ပင်၊    အဓိပတိလမ်း၊    ဦးချစ်လက်ဖက်ရည်ဆိုင်တို့ကိုလည်း    လွမ်းပါသည်။  တိုက်ဆိုင်မှုတွေရှိတိုင်း နွယ့်ကို သတိရနေပါသည်။

တက္ကသိုလ်တွေ    ကျောင်းပြန်ဖွင့်တော့   နွယ့်ကို တွေ့လိုတွေ့ငြား    လိုက်ရှာကြည့်သည်။   နွယ်နေခဲ့ရာ မာလာဆောင်ကိုလည်း       အလွမ်းပြေသွားခဲ့သည်။ နွယ်ကတော့ ပြန်မရောက်သေး၊ ရင်ထဲမှာ ဟာတာတာနှင့် နှေးကွေးသော ခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။

နောက်နှစ်ရက်ကြာတော့  နွယ်ပြန်ရောက်လာသည်။  မိခင်ဖြစ်သူ  နေမကောင်းသေး၍ နောက်ကျမှ ကျောင်းတက်ရသည်ဟု    ပြောသည်။    နွယ်မရောက်သေးခင်က   ကိုကျော်သူအတွေးတွေက     ဟိုတစ်စ၊ သည်တစ်စ၊ အိမ်ထောင်များ ကျသွားပြီလား၊ ကျောင်းထွက် လိုက်ပြီလား  စဉ်းစားမိသည်။   တကယ်တော့   နွယ်နှင့်  ကိုကျော်သူ ချစ်သူမဖြစ်သေး၊ နွယ်က  ကိုကျော်သူအား လေ့လာနေဆဲအဆင့်သာ ရှိသည်။

ရန်ကုန်တက္ကသိုလ်  လှေလှော်အသင်းဖွဲ့စည်းသောအခါ    ကိုကျော်သူရော   မမေမြတ်နွယ်ပါ   အသင်းဝင် ဖြစ်သည်။ လှေလှော်အသင်းဝင်ပြီး ကျောင်းပိတ်ရက်တိုင်း  အင်းလျားကန်တွင် လေ့ကျင့်ဖြစ်သည်။ လှေလှော်ရာတွင် အသင်းသားများ တက်ညီလက်ညီ ပါဝင်ဆင်နွှဲမှ အောင်မြင်မှု ရရှိနိုင်သည်။   ပြိုင်ပွဲကျင်းပသောအခါ  မမေမြတ်နွယ်တို့ အသင်းက ပထမရပြီး ကိုကျော်သူတို့အသင်းက ဒုတိယရသည်။ 

နောက်ဆုံးနှစ်ရောက်သောအခါ  နွေရာသီ ကျောင်းပိတ်ရက်တွင်     သက်ကြီးစာတတ်မြောက်ရေး  လှုပ်ရှားမှုတစ်ရပ်အနေဖြင့်  မကွေးတိုင်း   စလင်းမြို့နယ်သို့    လုပ်အားပေးသွားကြသည်။     ကိုကျော်သူရော မေမြတ်နွယ်ပါ ပါသည်။  မြန်မာနိုင်ငံတွင်    သက်ကြီး စာမတတ်သူများစွာရှိသည့်အနက်      နှစ်စဉ်တက္ကသိုလ် ကျောင်းသားများက  သက်ဆိုင်ရာတိုင်းနှင့်   ပြည်နယ်ရှိ မြို့နယ်များသို့ စာတတ်မြောက်ရေး သွားရသည်။

ရွာအလိုက် စာသင်ဝိုင်းဖွင့်၍ သင်ရသည်။  တချို့ ကလည်း ကြိုးစား၍ ဂျာနယ်၊ မဂ္ဂဇင်းများ ဖတ်နိုင်သည့် အဆင့်အထိ   တတ်မြောက်ကြသည်။     သေစာရှင်စာ ရေးတတ်ဖတ်တတ်ကြသည့်      သက်ကြီးစာမတတ်သူ အားလုံးနီးပါး စာတတ်ကြသည့် အောင်မြင်သောလုပ်ငန်း တစ်ခုဖြစ်သည်။

သက်ကြီးစာတတ်မြောက်ရေး   လုပ်အားပေးတွင် နွယ့်ဆီက ကိုကျော်သူအဖြေရခဲ့သည်။ ကိုကျော်သူ အလွန် ပျော်ပါသည်။ ရန်ကုန်တက္ကသိုလ်တွင်  တဘောင်တစ်ခု     တိုးလာခဲ့သည်။    ဂေါ်မစွံတောင်တက်၊  မတက်ပါက လှေလှော်၊ မလှော်ပါက စာပြဟူသော စကားပင်။ ကိုကျော်သူ ကတော့  မမေမြတ်နွယ်၏အဖြေကိုရဖို့     ခြေလျင်နှင့် တောင်တက်အသင်းရော၊  ရန်ကုန်တက္ကသိုလ်  လှေလှော် အသင်းရော၊ သက်ကြီးစာတတ်မြောက်ရေးလုပ်အားပေးရောသွားပြီးမှ ချစ်အဖြေရခဲ့သည်။

ရန်ကုန်တက္ကသိုလ်       ဘွဲ့နှင်းသဘင်ခန်းမရှေ့ လှေကားထစ်ပေါ်တွင်    ဖြစ်သည်။     ကိုကျော်သူနှင့် မမေမြတ်နွယ်တို့သည် လှေကားထစ်ပေါ်တွင်  နေကြာစေ့ လှော်စားရင်း ထိုင်နေကြသည်။

“အစ်ကို ကျောင်းပြီးရင် ဘာလုပ်မလဲဟင်”

“အစ်ကိုကတော့ Master တန်းဝင်အောင် ကြိုးစားပြီး တက္ကသိုလ်မှာ နည်းပြလုပ်မယ် စိတ်ကူးတယ်။   နွယ်ရော ဟင်”

“နွယ်နဲ့အစ်ကို ရည်ရွယ်ချက်တူတယ်။  နွယ်လည်း Master တန်းဝင်အောင် ကြိုးစားပြီး နည်းပြလုပ်မယ်”

ချစ်သူနှစ်ဦး၏ရည်ရွယ်ချက်၊    ရည်မှန်းချက်က တိုက်ဆိုင်နေသည်။  အပြုံးပန်းတွေ  ကိုယ်စီဖလှယ်ရင်း ရှေ့လျှောက်ရမည့် ဘဝခရီးအတွက် နှစ်ဦးသားတိုင်ပင်ကြသည်။

Master    တန်းတက်နေသည့်အချိန်တွင်   နည်းပြခေါ်သည့်အချိန်နှင့်  တိုက်ဆိုင်သဖြင့်  နှစ်ယောက်စလုံး နည်းပြရာထူးဖြင့်  အလုပ်ဝင်ရသည်။   ကိုကျော်သူက ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနတွင် တာဝန်ကျသည်။ မမေမြတ်နွယ်က မော်လမြိုင်ကောလိပ် ဓာတုဗေဒဌာနတွင် နည်းပြတာဝန်ကျသည်။

အလုပ်အကိုင်လည်းရပြီးမို့ နှစ်ဖက်မိဘ သဘောတူ ခွင့်ပြုချက်ရ၍   လက်ထပ်လိုက်ကြသည်။   မယ်တစ်ရွာ  မောင်တစ်မြို့ ဖြစ်သော်ငြားလည်း ဝန်ထမ်းဆိုတာထားရာနေ စေရာသွားမို့ တစ်ဦးကိုတစ်ဦး နားလည်ကြသည်။

အလုပ်တကာအလုပ်ထဲတွင် ပညာဖြင့် အသက်မွေးခြင်းသည်  မြတ်သောအကျင့်၊  မြတ်သောအလုပ်ဖြစ်သည် ဟု မြတ်ဗုဒ္ဓက ဟောကြားထားသည် မဟုတ်ပါလား။

 “ကိုကျော်သူ ပြန်ရအောင်”

အိမ်နီးနားချင်း    ကိုမြတ်ထွန်း    လှမ်းခေါ်မှ ဦးကျော်သူ၏  အတွေးစများ  ပြတ်တောက်သွားရသည်။ အင်းလျားကန်စောင်းမှ သူငယ်ချင်းနှစ်ယောက် အတွေး ကိုယ်စီဖြင့် အိမ်ရှိရာ လှည်းတန်းလမ်းဆုံသို့ လျှောက်လှမ်း လာကြသည်။ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ်ပွဲတော်ကြီးတွင် သူငယ်ချင်းတွေနှင့် ပြန်ဆုံချင် သေးသည်။ 

ရှေးဟောင်းနှောင်းဖြစ်တွေ ပြောချင်သေးသည်။   ငယ်မူပြန် ငယ်မူအတွေးတွေနဲ့ စကားတွေ  ဖောင်ဖွဲ့ချင်သေးသည်။

အမိတက္ကသိုလ်ကြီးကတော့ သူ၏ သားသမီးများကို အစဉ်နွေးထွေးစွာ  ကြိုဆိုနေမည်မှာ  သေချာပါသည်။ “မြကျွန်းညိုညို တက္ကသိုလ်”ကျောင်းတော်ကြီးကတော့  ထာဝစဉ်နုပျိုနေဆဲ၊ သားသမီးအရောင်အသွေးစုံစွာကို  ရင်ခွင်ပိုက်ပြီး    ကြိုဆိုနေဆဲပင်၊   အနှစ်(၁၀၀)မက နောင်နှစ်ပေါင်းများစွာ  လက်ကမ်း၍   ကြိုနေမည်မှာ မလွဲပင်၊ ကျောင်းသား ကျောင်းသူဟောင်းများကလည်း ဂျပ်ဆင်၊   အဓိပတိ၊   သစ်ပုပ်ပင်အိုတို့ကို    အလွမ်းပြေ ပြန်လည်ကြည့်ချင်နေမည်မှာ သေချာပါတော့သည်။  ။