တန်ဆောင်တိုင်ပွဲတော်နှင့် တန်ဆောင်မုန်းလ

၂၈ နိုဝင်ဘာ

အောင်မြင့်စိုး (ရေစကြို)

မြန်မာလ တစ်ဆယ့်နှစ်လတွင် အဋ္ဌမလဖြစ်သည့် တန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးခြားသည့် လတစ်လဖြစ်သည်။ ကောင်းကင်ပြင်၌ မိုးသားတိမ်လွှာ အထူးကင်းစင်လျက်ရှိပြီး ပျော်ပွဲရွှင်ပွဲ၊ အလှူအတန်းပွဲများဖြင့် နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ စည်ကားလှသည့် အခါသမယဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။ သားတော် ဘုရားလောင်း တောထွက်ရဟန်းဝတ်တော့မည်ကို သိသော မယ်တော် မိနတ်သားသည် သင်္ကန်းကပ်လိုသဖြင့် ညဉ့်ချင်းပြီး သင်္ကန်းရက်ချုပ်သော အထိမ်းအမှတ်အဖြစ် မသိုးသင်္ကန်းရက်ပွဲကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိသည်။

တန်ဆောင်မုန်းလမပြည့်မီ အဖိတ်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ ထိုသုံးရက်ကို “တန်ဆောင်တိုင်ပွဲ”နေ့အဖြစ် သတ်မှတ်ပြီး တန်ဆောင်တိုင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ကထိန်လျာလှူဒါန်းပွဲ 

ထူးခြားသည်မှာ ကထိန်လျာလှူဒါန်းပွဲ ဖြစ်သည်။ မိမိလှူဒါန်းလိုသည့်အချိန် လှူဒါန်းနိုင်သော အလှူပွဲမျိုး မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း လှူဒါန်းရသောပွဲသည် ကထိန်လျာလှူဒါန်းပွဲ ဖြစ်သည်။ တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကြိမ်၊ တစ်ကြိမ်တွင် တစ်ကျောင်းလှူဒါန်းလေ့ရှိသော အလှူမျိုးဖြစ်သည်။ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် လှူဒါန်းရသော အလှူမျိုးမဟုတ်ဘဲ ကထိန်အလှူသည် သံဃာ့ဂုဏ်ကို အာရုံပြု၍ လှူရသောအလှူ ဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်များတွင် တန်ဆောင်မုန်းလ ကထိန်လျာဉတ်သင်္ကန်းကပ်လှူပွဲမှာ ထင်ရှားလှသည်။

ကထိန်သင်္ကန်းလှူဒါန်းခြင်းကြောင့် -

(၁) သွားလေရာအရပ်၌ ဘေးအန္တရာယ်ကင်းခြင်း၊ 

(၂) မိမိပိုင်ဆိုင်သည့်ပစ္စည်းတို့ကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း၊ 

(၃) အစားအသောက်ပေါများ၍ အဆိပ်သင့်ခြင်း၊ 

(၄) မိမိပိုင်ပစ္စည်းများ မေ့လျော့နေသော်လည်း မဆုံးပါးခြင်း၊ 

(၅) ချောမောလှပခြင်း အကျိုးများရရှိသည်။

ကထိန်လျာလှူဒါန်းပွဲများအပြင် အခြားသောပွဲများဖြစ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲ၊ မဲဇလီဖူးသုပ်၍ ဝေငှသောပွဲ၊ ပံ့သကူပစ်ပွဲ၊ ကျီးမနိုးပွဲ၊ ရှင်မာလဲပွဲ စသည့် ထူးခြားသော ဝိသေသများနှင့် ပြည့်စုံသော လတစ်လလည်း ဖြစ်သည်။ ရှင်မာလဲပွဲဟူသည်မှာ သီဟိုဠ်ကျွန်းမှ ရှင်မာလဲမထေရ်သည် ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို လူအပေါင်းတို့အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဂါထာတစ်ထောင်ပါသည့် ဝေဿန္တရာဇာတ်တော် ဟောပြောခြင်း၊ လှော်ကားတော်ပုံပြု၍ လှော်ကားအထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် စသည်တို့ကိုတင်၍ လှူဒါန်းခြင်းပြုကာ ရှင်မာလဲပွဲကို ဆင်ယင်ကျင်းပခြင်း ဖြစ်သည်။

နတ်နိုးသောလ 

တန်ဆောင်မုန်းလကို နတ်နိုးသောလဟုလည်း ခေါ်ကြသည်။ ဗိဿနိုးနတ်မင်းကြီးသည် နှစ်စဉ်ဝါဆိုလ ဆန်း ၁၂ ရက်နေ့မှစ၍ အိပ်လေရာ တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့မှ နိုးလာသောကြောင့် နတ်နိုးလဟု ခေါ်ကြခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာ မထွန်းကားမီကပင် မဟာဝိနာယက နတ်မင်းကြီးအား ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပလေ့ရှိသည်။ ထိုကဲ့သို့ မီးနက္ခတ်ပူဇော်ပွဲနှင့် နတ်မင်းကြီးပူဇော်ပွဲ ကျင်းပခဲ့သည်မှအစပြု၍ ယခုတန်ဆောင်တိုင်ပွဲဟု သမုတ်ကာ အနယ်နယ်အရပ်ရပ်တွင် မီးထွန်းပွဲများ ကျင်းပကြသည်။

ဆီမီးထွန်းညှိသောလ တန်ဆောင်မုန်းလတွင် ကြတ္တိကာနက္ခတ်နှင့် ကျီးတာရာတို့သည် လနှင့်ယှဉ်ကာ ထွန်းလင်းကြပြီး ရာသီအားဖြင့် ဗြိစ္ဆာဟု ခေါ်သည်။ ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ တန်ဆောင်မုန်းကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်”ဟု ရေးထိုးပြီး ရွတ်ဆိုရာ၌ “တန်ဆောင်မှုန်း ” ဟု ခေါ်ဝေါ်ရွတ်ဆိုကြသည်။ ထိုမှ ရွေ့လျားလာကာ “တန်ဆောင်မုန်း”ဟု ဖြစ်လာခဲ့သည်။ တန်ဆောင်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရပြီး မှုန်း၏ အနက်ဖွင့်ဆိုချက်များမှ “တောက်ပစေသည်” ဟူသောအနက်ကိုယူ၍ ဆီမီးတောက်ပစေသောလ၊ ဆီမီးထွန်းညှိသောလဟု ကောက်ယူနိုင်ပေသည်။ တန်ဆောင်တိုင်ပွဲကို ဗုဒ္ဓဘာသာ မြန်မာရှေးမင်းအဆက်ဆက်တို့သည် ပွဲတော်အချိန်အခါတွင် မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ ထီးရံနန်းရံ၊ မှူးကြီးမတ်ရာ၊ သေနာပတိ၊ မင်းမိဖုရားတို့နှင့် တူရိယာမျိုးစုံ တီးမှုတ်လျက် ထီးစဉ်နန်းဆက် “မဟာအသဒိသအတုလ သဘင်” ပွဲကြီးဆင်ယင်၍ လှူဒါန်းကြသည်။

သာမညဖလ အခါတော်နေ့ 

ထူးခြားသည်မှာ မင်းအဇာတသတ်သည် ကျေးဇူးရှင်ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်မိခဲ့ရာမှ အိပ်မပျော်သည့်ရောဂါ စွဲကပ်ခဲ့ပြီး ဆရာဇီဝက၏ အစီအမံဖြင့် ဘုရားရှင်ထံရောက်ရှိခဲ့ပြီး ဗုဒ္ဓဘုရားရှင်တော် ဟောကြားတော်မူသည့် “သာမညဖလသုတ္တန်” ဒေသနာတော်ကို နာကြားရပြီး မင်းအဇာတသတ်၏ စိတ်ကို တည်ငြိမ်ကြည်လင်စေခဲ့သည်။ ဖခမည်းတော်အား ပြစ်မှားခဲ့သော “ပိတုဃာတက” ကံကြောင့် တစ်မဂ်တစ်ဖိုလ်မရခဲ့ဘဲ သရဏဂုံတည်သည့် ဥပသကာသာ ဖြစ်တော်မူသည်။ မင်းအဇာတသတ်အား “သာမညဖလ သုတ္တန်” ဟောကြားတော်မူသည့် တန်ဆောင်မုန်းလပြည့်ညကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလ အခါတော်နေ့” ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓဘာသာဝင်တို့သည် မသိုးသင်္ကန်းရက်ပွဲ ကျင်းပကာ ညဉ့်ချင်းပြီး ရက်ချုပ်၍ ဆက်ကပ်လှူဒါန်းကြသည်။

တန်ဆောင်တိုင်ပွဲတော်နေ့သည် ကဆုန်လပြည့် နေ့မျိုးကဲ့သို့ သာသနာရေးဆိုင်ရာ ပွဲနေ့မဟုတ်သော် လည်း ရာသီဥတုသာယာ၍ ကြယ်တာရာနက္ခတ်စုံသော အခါသမယဖြစ်သဖြင့် ဆေးပေါင်းခသည်ဟု ယူဆသော မဲဇလီအဖူးများကို သုပ်၍ တပျော်တပါးစားကြသည်။ ရာသီဥတု သာယာကောင်းမွန်သည့် တန်ဆောင်မုန်းလတွင် အိုးစည်ဒိုးပတ်သံညံမစဲ ကထိန်အလှူပွဲများနှင့် အခြားပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲ စည်ကားလျက်ရှိပြီး တန်ဆောင်တိုင်ပွဲတော်နှင့် တန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးခြားသည့် လတစ်လပင် ဖြစ်ပေသည်။ 

ကိုးကား - မြန်မာ့စွယ်စုံကျမ်း