တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌နေအိမ်များအတွင်း ရေများ ဝင်ရောက်

တနိုင်း  ၂၇  စက်တင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာလ(၂၁)ရက်မှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ(၂၅)ရက် နံနက်ပိုင်းမှစ၍ နေရာတချို့၌ လမ်းသား ပျက်စီးမှုများ ၊လမ်းမကြီးရေကျော်မှုဖြစ်ပွားလျက်ရှိသည်။

 

mdn

 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နေရာတချို့ ရေကျဆင်းမှုမရှိဘဲ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း ကောင်ရာ ကျေးရွာအထွက် မိုင်တိုင်အမှတ် KM-120နှင့် KM-121ကြားတွင် အရှည်ပေ (၃၀ဝ၀)ခန့်၊ အနက်(၂)ပေနှင့် (၃)ပေခန့်၊ မိုင်တိုင်အမှတ် KM-123နှင့် KM-125 ကြားတွင် အရှည်ပေ(၁၀ဝ၀)ခန့် ၊အနက်(၂)ပေခွဲခန့် လမ်းရေကျော်မှုများ ထပ်မံဖြစ်ပွားလျက်ရှိပြီး ယာဉ်များသွားလာ၍မရဘဲ လမ်းကြောင်းယာယီ ပြတ်တောက်လျက်ရှိသည်။

 

နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း လီဒိုလမ်းမကြီး မိုင်တိုင်အမှတ် KM-123နှင့် KM-125+500ကြားတွင် အရှည်ပေ (၆၅၀ဝ)ခန့် အနက်ပေ(၂)ပေခွဲခန့် ထပ်မံ၍ လမ်းရေကျော်မှုဖြစ်ပွားလျက်ရှိရာ စက်တင်ဘာ (၂၇)ရက်နေ့နံနက်ကိုင်းတွင် ပျှမ်းမျှရေ (၁)ပေခန့် ကျဆင်းသွားပြီး တနိုင်းမြို့အဝင် အောင်စိုးမိုး ကျေးရွာအနီး လီဒိုလမ်းမကြီးပေါ်တွင် အကျယ်ပေ (၃၀ဝ၀) ၊အနက်(၂)ပေခန့်၊တနိုင်း-မိုင်းခွန်လမ်း မိုင်းခွန်ကျေးရွာအုပ်စု ဂျိုဆာဒီးကျေးရွာတွင် အကျယ်ပေ(‌၁၅၀ဝ)၊အနက်(၂)ပေခန့် ရေကျော်လျက်ရှိပြီး တနိုင်း-မိုင်းခွန်လမ်း ယာဉ်သွားလာမှု ပြတ်တောက်လျက်ရှိသည်။

 

တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့ကြားရှိ တဝမ်ချောင်းရေ ရေဦးတိုက်မှုကြောင့် ယခင် လီဒိုလမ်းမကြီး ရေတိုက်စားသွားသော နေရာတွင် ပေ(၂၀ဝ)ခန့် ရေတိုက်စားမှုဖြစ်ပြီး လမ်းဟောင်းအားလုံး တိုက်စား ခံရ၍ မိုးဒဏ်ဖြင့် တည်ဆောက်ဖောက်လုပ်ထားသော  လမ်းသစ်သည် ပေ(၃၀)ခန့် ရေတိုက်စား ပြတ်တောက်မှုဖြစ်ပြီး  အရှည်ပေ(၂၀ဝ)ခန့် လမ်းရေကျော်လျက်ရှိရာ  တနိုင်း-ရှင်ဗွေယန် ယာဉ်များသွားလာမှု ပြတ်တောက်လျက်ရှိသည်။

 

တနိုင်းမြို့ပေါ် ရပ်ကွက်များ ပုန်ခုန်းရပ်ကွက်နှင့်ဆင်မ်ဆာ့ရပ်ကွက်တို့တွင် တနိုင်းချောင်းရေ မြှင့်တက် လာမှုကြောင့် နေအိမ်များတွင် ရေဝင်ရောက်လျက်ရှိသည်။တနိုင်းချောင်းရေမှာ စိုးရိမ်ရေအမှတ်အောက် အနက်ပေ(၁၈.၃)နှင့် အကျယ်ပေ(၈၅၀)ဖြစ်ကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)