တံတားဦးမြို့နယ် ထန်းပေါက်ကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

တံတားဦး ၂၇ စက်တင်ဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ထန်းပေါက်ကုန်းကျေးရွာအုပ်စု ထန်းပေါက်ကုန်း ကျေးရွာတွင် စက်တင်ဘာ ၂၆ ရက် ည(၁၀)နာရီက ထန်းပေါက်ကုန်းကျေးရွာ ဦးညွန့်မောင်စိန်၏ နေအိမ်၌ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တံတားဦးမြို့မရဲစခန်းအပိုင် ထန်းပေါက်ကုန်းကျေးရွာ ဦးညွန့်မောင်စိန်၏ နေအိမ်ဝိုင်း အတွင်းရှိ (၄)ပင်(၃)ခန်း ထန်းရွက်မိုး၊ ထရံကာ မီးဖိုဆောင်အတွင်းရှိ မီးပလပ်ခုံမှ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းပြီး ၎င်း၏ဝိုင်းဘေးကပ်လျက်ရှိ ဦးဝင်းကို၏ နေအိမ်ဖြစ်သော (၄)ပင်(၃)ခန်း သွပ်မိုး၊ ထရံကာ တစ်ထပ်အဆောက်အဦ တစ်လုံးနှင့် ဦးရဲလင်းထွန်း၏ နေအိမ်ဖြစ်သော (၄)ပင်(၃)ခန်း သွပ်မိုး၊ ထရံကာ တစ်ထပ်အဆောက်အဦ (၁)လုံးတို့အား မီးလောင်ကျွမ်းရာ မီးလောင် ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန်များဆုံးရှုံးမှုမရှိကြောင်း တံတားဦးမြို့မရဲစခန်းမှ သိရသည်။

 

အဆိုပါမီးလောင်ကျွမ်းရာသို့ တံတားဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင်များ  တံတားဦးမြို့မရဲစခန်းမှ ရဲအုပ်ဘုန်းကျော်နိုင်နှင့်တပ်ဖွဲ့ဝင်များ ကျေးရွာသူ/သားများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည(၁၁)နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)