တန်းတက် ချင်းယူနိုက်တက်အသင်း ပထမဆုံးနိုင်ပွဲရရှိ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ပထမနေ့ကို ယနေ့ညနေပိုင်းက YUSC ကွင်း၌ ကျင်းပရာ တန်းတက်ချင်းယူနိုက်တက်အသင်းက မကွေးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

ခြေစွမ်းအရ ကွာခြားမှုမရှိသော်လည်း ချင်းယူနိုက်တက်အသင်းက အခွင့်အရေးများကို အသုံးချနိုင်ခဲ့သောကြောင့် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

တန်းတက်ချင်းယူနိုက်တက် အသင်းသည် ပွဲစဉ် (၁) တွင် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း နာမည်ကြီးရန်ကုန်အသင်းကို ပွဲပြီးခါနီး ဂိုးဖြင့်သာ အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယခုပွဲတွင်မူ နှစ်ဂိုးပြတ်အနိုင်ရကာ ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

မကွေးအသင်းသည် အဖွင့်ပွဲတွင် နာမည်ကြီးဧရာဝတီကို အဝေးကွင်း၌ သရေကစားနိုင်ခဲ့သော်လည်း ယခုပွဲတွင် ခြေစွမ်းမပြနိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့သည်။

                      

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး မကွေးအသင်းက ပိုဖိကစားနိုင်သော်လည်း ဂိုးသွင်းခွင့်များကို အသုံးမချနိုင်၍ ပထမပိုင်းကတည်းက ဦးဆောင်ဂိုးရနိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ချင်းယူနိုက်တက်အသင်းသည် မကွေးအသင်းတိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်ပြီး တန်ပြန်တိုက်စစ်ဖြင့် အဓိက ကစားခဲ့ခြင်းဖြစ်သည်။

 

mdn

 

ပထမပိုင်းပြီးခါနီးတွင် ချင်းယူနိုက်တက်အသင်း အဖွင့်ဂိုးရခဲ့ပြီး ပြစ်ဒဏ်ဘောကို အာကာကာပိုက ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့ပြီး ချေပဂိုးရရန် ကြိုးပမ်းခဲ့သည်။

 

ယခုပွဲတွင် မကွေးအသင်း၏ အားနည်းချက်မှာ မကြာခဏ လူကျွံနေခြင်းဖြစ်ပြီး အခွင့်အရေးများ နစ်နာခဲ့ရသည်။ ပွဲပြီးခါနီးတွင် ချင်းယူနိုက်တက်အသင်း ဒုတိယဂိုးရခဲ့ပြီး ပြစ်ဒဏ်ဘောမှတစ်ဆင့် ပြန်လျှံထွက်လာသော ဘောလုံးကို ကျော်မင်းသန်းက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် ယခုပွဲအရှုံးကြောင့် လာမည့်ပွဲများတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

 

ပွဲစဉ် (၂) ဒုတိယနေ့ကို ဇန်နဝါရီ ၁၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် စစ်ကိုင်းအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်