တရုတ်နိုင်ငံထုတ် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို တူရကီနိုင်ငံက

စေတနာ့ဝန်ထမ်းများတွင် ပထမဆုံးစမ်းသပ်မှုစတင်

အင်ကာရာ ၁၈ စက်တင်ဘာ

တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်မှု စတင်ပြီး စေတနာ့ ဝန်ထမ်းသုံးဦးတွင် စမ်းသပ်ထိုးပေးခဲ့ကြောင်း တူရကီကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးကို အဆင့် နှစ်ဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထဆုံးအဆင့်တွင် စေတနာ့ဝန်ထမ်းလူပေါင်း ၁၂၀၀ ကို စမ်းသပ် ထိုးပေးသွား မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် လူပေါင်း ၁၀၀၀၀ ကို ထိုးပေးသွားမည်ဟု တူရကီ ကျန်းမာရေးဝန်ကြီး ဖာရင်တန် ကိုကာ၏ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းအေဂျင်စီ အနာဒိုလူတွင် ဖော်ပြထားသည်။

နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး လေ့လာမှုမှာ ရလဒ်ကောင်းများ ပြလာမည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တူရကီနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်က ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရသူပေါင်း ၁၆၄၈ ဦး ထပ်မံတွေ့ရှိခဲ့ သည့်အတွက် စုစုပေါင်း ကူးစက်ခံရသူ ၂၉၈၀၃၉ ဦး ရှိလာသည်။

ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၇၃၁၅ ဦး ရှိသည်ဟု တူရကီကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ဆင်ဟွာ