တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရန် မြန်မာသံရုံး အသိပေး

နေပြည်တော် ၂၄  ဇန်နဝါရီ

 

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ရန် မြန်မာသံရုံး၊ ပေကျင်းက အသိပေးချက် ထုတ်ပြန်သည်။

 

တရုတ် ပြည်သူ့သမ္မတနိုင်ငံ၌ အကြောင်း အမျိုးမျိုးဖြင့်ရောက်ရှိ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် လတ်တလောဖြစ်ပွား လျက်ရှိသည့် အဆုတ်ရောင်ရောဂါ (corona virus) နှင့်စပ်လျဉ်း၍ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရ၊ ဌာနများ၊ အဖွဲ့အစည်းများနှင့် ကျန်းမာရေး ကော်မရှင်များမှ အချိန်နှင့် တပြေးညီ ထုတ်ပြန်လျက်ရှိသည့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်၊ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ဒေသန္တရ စည်းမျဉ်း စည်းကမ်းများအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်သွားရန် ထုတ်ပြန်ထားသည်။

 

ထို့ပြင် မြန်မာနိုင်ငံသားများ အနေဖြင့် လိုအပ်ချက်များနှင့် အခက်အခဲ တစ်စုံတစ်ရှိပါက မြန်မာသံရုံး၊ ပေကျင်း မြို့၏ တယ်လီဖုန်းအမှတ်( +၈၆၀၁၀ ၆၅၃၂၀၃၆၀ နှင့် +၈၆ ၁၈၃၀၁၆၁၄၀၉၅) တို့သို့ ဆက်သွယ် ပြောကြားနိုင်ပါကြောင်း ဖော်ပြပါရှိသည်။

 

မြန်မာသံရုံး၊ ပေကျင်းမြို့ အနေဖြင့် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာများနှင့် ချိတ်ဆက် ညှိုနှိုင်း ဆောင်ရွက်၍ မြန်မာနိုင်ငံသားများအတွက် လိုအပ်သည့် အကူအညီ၊ အထောက်အပံ့များ ပေးအပ်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Corona virus (2019-nCoV) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် ၀င်/ထွက်ပေါက်များ၊ အထူးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ၀င်/ထွက်ပေါက် များတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန်ထားသည်။

 

လက်ရှိ အချိန်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ယင်းရောဂါပိုးနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပရန် စီစဉ်နေပြီး ယင်းရောဂါဖြစ်ပွားမှုဖြစ်စဉ်အား ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေကြေညာရန် သင့်၊ မသင့်နှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

#PeacockNews