တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဝင်/ထွက်ပေါက်များတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၊ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ ထွက်ပေါက်များ၊ အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဝင်/ထွက်ပေါက်များတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်များကို တွေ့ဆုံ မေးမြန်းထားပါသည်။

 

mdn

ဒေါက်တာထွန်းတင်(ညွှန်ကြားရေးမှူး) ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

မေး။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အဆုတ်ရောင်ရောဂါတစ်မျိုး ဖြစ်ပွားနေတယ်လို့ သတင်း မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ဖော်ပြနေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကူးစက် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းတွေကို ဦးစားပေးအစီအစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွေအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဂူဟန်မြို့မှာ အဆုတ်ရောင်ရောဂါတစ်မျိုး ဖြစ်ပွားလျက်ရှိတာကို သိရှိခဲ့ရပါတယ်။

Wuhan Municipal Health Commissions ရဲ့ ကနဦးထုတ်ပြန်ချက်အရ အခုဖြစ်ပွားလျက်ရှိတဲ့ ရောဂါပိုးဟာ ဓာတ်ခွဲအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဝူဟန်မြို့ရှိ ပင်လယ်စာ လက်ကားဈေးတစ်ခုနဲ့ ဆက်စပ်မှုရှိကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်ကစပြီး ဒီဈေးကို ပိတ်သိမ်းခဲ့ပြီးတော့ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ဇန်နဝါရီ၇ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ Virus ရောဂါပိုးဟာ Novel Coronavirus ပိုးအမျိုးအစားဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံမှာလည်း ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပ တ်သက်ပြီး ဘာတွေလုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ SARS (ဆားစ်) ရောဂါ၊ MERS (မားစ်) ရောဂါ၊ Zika (ဇီကာ) ရောဂါနဲ့ Ebola (အီဘိုလာ) ရောဂါဖြစ်ပွားမှု ဖြစ်စဉ်တွေမှာ နိုင်ငံအတွင်း ရောဂါကူးစက် ဝင်ရောက်မှုမရှိဖို့နဲ့ ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်နဲ့ နယ်စပ် ဝင်/ ထွက်ပေါက်တွေမှာ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပြီး ပုံမှန်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုရောဂါဖြစ်ပွားမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၅-၁-၂၀၂၀ ရက်စွဲနဲ့ ကြေညာချက် မထုတ်ပြန်မီကပဲ အရင်ကဆောင်ရွက်နေတဲ့ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းတွေကို အထူးအရေးပေး ဆောင်ရွက်ခဲ့ပါတယ်။ ဇန်နဝါရီ ၃ ရက်မှာ ကမ္ဘာ့မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဓာတ်ခွဲအတည်ပြု နိုင်ခြင်းမရှိသေးတဲ့ အဆုတ်ရောင် ရောဂါတစ်မျိုး ဖြစ်ပွားနေကြောင်း သိသိချင်း ဇန်နဝါရီ ၆ ရက်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) နဲ့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတို့ ဦးဆောင်တဲ့အဖွဲ့ဟာ မန္တလေးလေဆိပ်ကို ကွင်းဆင်းသွားရောက်ခဲ့ပြီး အဖျားရောဂါနဲ့ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို အားဖြည့်ဆောင်ရွက်ဖို့ စီစဉ်ခြင်း၊ လေဆိပ်တွေမှာ သီးသန့်လူနာခန်းတွေ ထားရှိဖို့နဲ့ သံသယလူနာ တွေ့ရှိခဲ့ရင် သက်ဆိုင်ရာဆေးရုံတွေကို အချိန်မီ လွှဲပြောင်းပေးပို့နိုင်ဖို့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူတွေ၊ လေကြောင်းလိုင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။

ရောဂါဖြစ်ပွားရာ ဂူဟန်မြို့ကနေ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တိုက်ရိုက်လေကြောင်း ခရီးစဉ်အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ် ပျံသန်းနေတဲ့အတွက် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ဇန်နဝါရီ ၇ ရက်မှာ Fever scanner စက်တစ်လုံး ထပ်မံပေးပို့ခဲ့ပါတယ်။ ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၇ ရက်မှာ ဒီအဆုတ်ရောင်ရောဂါဟာ Novel Coronavirus ကြောင့် ဖြစ်ပွားကြောင်း သတင်းရရခြင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဆောင်းရာသီကာလ အသက်ရှူလမ်းကြောင်းများဆိုင်ရာ ကျန်းမာရေးအသိပေး နှိုးဆော်ချက်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင် Website (https://www. mohs.gov. mm/) နဲ့  Facebook page၊ Myanmar CDC Facebook Page (https://web.facebook.com/MyanmarCDC) နဲ့ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲရဲ့ Facebook page တွေမှာ ဇန်နဝါရီ ၈ ရက်က ဖော်ပြခဲ့ပြီး အဲဒီနေ့မှာပဲ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနဲ့ပတ်သက်ပြီး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရှိဖို့ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်မှာ ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်တဲ့အဖွဲ့ဟာ မန္တလေးလေဆိပ်ကို ထပ်မံသွားရောက်ခဲ့ပြီး ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေ ပိုမိုအားဖြည့်ဆောင်ရွက်ဖို့စီစဉ်ခြင်း၊ လေကြောင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ လေဆိပ်ကျန်းမာရေးဌာနခွဲမှာ ကျန်းမာရေးဝန်ထမ်းတွေ အချိန်ပြည့်တာဝန်ချထားနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေလုပ်ခဲ့ပါတယ်။ အလားတူပဲ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး) ဦးဆောင်တဲ့အဖွဲ့ ဟာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်နဲ့ ရေဆိပ်တွေကို ဇန်နဝါရီ ၁၁ ရက်မှာ လည်းကောင်း၊ ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်သောအဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်မှာ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ကိုလည်းကောင်း ကွင်းဆင်းသွားရောက်ခဲ့ပြီးတော့ အဖျားရောဂါနဲ့ တုပ်ကွေးရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေ ပိုမိုထိရောက်စွာဆောင်ရွက် နိုင်ဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ။

ဇန်နဝါရီ ၁၅ ရက်မှာတော့ ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးကို သွားရောက်ပြီး ဆေးရုံအုပ်ကြီးဦးဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေးခဲ့ကာ သံသယလူနာတွေ့ရှိလာခဲ့ရင် ကုသနိုင်ဖို့အတွက် သီးသန့်လူနာခန်းများ ထားရှိဖို့နဲ့ ဆေးနဲ့ဆေးပစ္စည်းတွေ အဆင်သင့်ဖြစ်စေဖို့ကို စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ။

အခုရောဂါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ ရောဂါကာကွယ်ရေးနည်းလမ်းတွေ သိရှိနိုင်ဖို့နဲ့ သတင်း မှန်ရရှိစေဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ တရားဝင် Website (https://www. mohs.gov. mm/) နဲ့  Facebook page၊ Myanmar CDC Facebook Page (https://web.facebook.com/Myanmar CDC/) နဲ့ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲရဲ့ Facebook page တို့ကတစ်ဆင့် ဇန်နဝါရီ ၁၈ ရက်နဲ့ ဇန်နဝါရီ ၂၂ ရက်တွေမှာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့အပြင် ရောဂါဖြစ်ပွားရာ ဂူဟန်မြို့က မြန်မာနိုင်ငံကို တိုက်ရိုက်လေကြောင်းလိုင်းတချို့ ရှိနေတဲ့အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ အဖျားရောဂါနဲ့ တုပ်ကွေးဆန်သော ရောဂါလက္ခဏာတွေ စောင့်ကြပ်ကြည့်ရှုခြင်းကို အားဖြည့်ဆောင်ရွက်လျက် ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လေဆိပ် ကျန်းမာရေးဌာနခွဲတွေမှာ အချိန်ပြည့်တာဝန်ချထားခြင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိ အာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာလေကြောင်းလိုင်းများနဲ့ ညှိနှိုင်းဆွေးနွေးခြင်း၊ သီးသန့်လူနာခန်းတွေ ပြင်ဆင်ထားရှိဖို့ ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ခရီးသွားတွေအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များ ထုတ်ပြန်ခြင်း၊ အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း အတွက် လိုက်နာရမယ့် လုပ်ငန်းလမ်းညွှန်တွေကို လက်ရှိဖြစ်စဉ်နဲ့ ကိုက်ညီအောင် မွမ်းမံပြင်ဆင်ရေးဆွဲခြင်းတွေကိုလည်း ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့ပါတယ်။

 

mdn

 

မေး ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အခြား နိုင်ငံတွေမှာရော ဘယ်လိုရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေပါသလဲ။

ဖြေ။ ။ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ရုရှား၊ ဗီယက်နမ်နိုင်ငံတွေနဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာလည်း လေဆိပ်/ရေဆိပ်တွေမှာ ခရီးသည်တွေ၊ အထူးသဖြင့် ဝူဟန်မြို့က ပြန်လာတဲ့ ခရီးသည်တွေကို အဖျားရောဂါ လက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ဆောင်လျက်ရှိပြီး ဝူဟန်လေဆိပ်နဲ့ တိုက်ရိုက် လေကြောင်းပျံသန်းတဲ့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေမှာလည်း လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

mdn

ဒေါက်တာခင်ခင်ကြီး(ဒုတိယညွှန်ကြားရေးမှူး) ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မေး။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခုဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါဟာ Coronavirus (ကိုရိုနာဗိုင်းရပ်စ်) ကြောင့် ဖြစ်ပွားတယ်လို့သိရပါတယ်။ Coronavirus အကြောင်းလေး နည်းနည်းလောက်ရှင်းပြပါလား။

ဖြေ။ ။ Coronavirus (ကိုရိုနာဗိုင်းရပ်စ်) ဟာ ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီး မျိုးစိတ်အနေနဲ့ များပြားစွာရှိ ပါတယ်။ ဗိုင်းရပ်စ်အမျိုးအစားပေါ် မူတည်ပြီး သာမန်အအေးမိခြင်းမှသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ရှူကျပ်ခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားလေ့ရှိပြီးတော့ ရောဂါပြင်းထန်သော လူနာတွေမှာ အဆုတ်ရောင်ရောဂါ (Pneumonia)၊ ဆားစ်ရောဂါ (SARS)၊ မားစ်ရောဂါ (MERS)၊ ကျောက်ကပ် ပျက်စီးခြင်းတို့ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးမှုဖြစ်ပေါ် နိုင်ပါတယ်။ Coronavirus (ကိုရိုနာဗိုင်းရပ်စ်) ရောဂါပိုးဟာ တိရစ္ဆာန်တွေမှာ အဓိကကူးစက်ပြန့်ပွားလေ့ ရှိကြပြီး လူမှတစ်ဆင့် လူကို ကူးစက်နိုင်မှုနည်းပါးသော်လည်း တချို့ Coronavirus ပိုးတွေဟာ လူမှတစ်ဆင့် လူကို ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် ရောဂါပိုး ကူးစက်ခံရသူနဲ့ အနီးကပ်နေထိုင်သူတွေဖြစ်တဲ့ အတူနေ မိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်နိုင်ပါတယ်။ ။

အရင်ကာလတွေက လူကိုကူးစက်ခဲ့ခြင်းမရှိသော Coronavirus အမျိုးအစားအသစ်ကို Novel Coronavirus (နိုဗယ်ကိုရိုနာဗိုင်းရပ်စ်) လို့ခေါ်ဆိုပြီး ဥပမာအားဖြင့် MERS (မားစ်) နဲ့ SARS (ဆားစ်) တို့က တိရစ္ဆာန်တွေက လူကိုကူးစက်ပျံ့နှံ့ခဲ့တဲ့ Novel Coronavirus ပိုးတွေ ဖြစ်ကြပြီးတော့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ လူသားမျိုးနွယ်အပေါ် သေဆုံးမှုများစွာ ဖြစ်ပွားခဲ့ပါတယ်။

2019 Novel Coronavirus ပိုးကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါလူနာတွေမှာ ရောဂါလက္ခဏာတွေ အနေနဲ့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း စတဲ့လက္ခဏာတွေခံစားရကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်သူတွေမှာတော့ နောက်ဆက်တွဲအနေနဲ့ အသက်ရှူရခက်ခဲခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ရင်ဘတ်ဓာတ်မှန်တွင် အဆုတ်ခဲသည့် လက္ခဏာများ တွေ့ရခြင်း၊ အသက်ရှူလမ်းကြောင်းစနစ် ပျက်စီးခြင်း၊ ဝမ်းတွင်းကလီစာများ ပျက်စီးခြင်း၊ သွေးဆိပ်တက်ခြင်းနှင့် အသက်သေဆုံးခြင်းတို့အထိ ဖြစ်ပွားနိုင်တာကို တွေ့ရပါတယ်။ ။

 

မေး။     ။ Coronavirus ဟာ လူအချင်းချင်း ကူးစက်နိုင်ပါသလား။

ဖြေ။ ။Coronavirus တချို့ဟာ လူကလူသို့ ကူးစက်နိုင်သော်လည်း အခု 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးဟာ ဒီနေ့အချိန်အထိ လူအချင်းချင်းကူးစက်မှုအနေနဲ့ တိကျခိုင်မာတဲ့ အထောက်အထား မတွေ့ရှိရသေးပါဘူး။ အရင်ဖြစ်ပွားခဲ့ဖူးတဲ့ SARS (ဆားစ်) ရောဂါနဲ့ MERS (မားစ်)ရောဂါတို့ဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ခဲ့တဲ့အတွက် အခု Novel Coronavirus ပိုးဟာလည်း အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်နိုင်ခြေရှိ၊ မရှိ သိရှိနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အခု Novel Coronavirus ပိုးဟာ လူနာကတစ်ဆင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းအချို့ကို ကူးစက်လျက်ရှိတာကိုတွေ့ရှိရတဲ့ အတွက် အခုရောဂါဖြစ်ပွားမှုဖြစ်စဉ်ဟာ လူမှလူသို့ ကူးစက်နိုင်ခြင်း ရှိ၊ မရှိနဲ့ပတ်သက်ပြီး “Limited Human to Human Transmission" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၁၅ ရက်ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

 

မေး။ ။ အရင်ဖြစ်ပွားခဲ့ဖူးတဲ့ SARS (ဆားစ်) နဲ့ MERS (မားစ်) ရောဂါတို့ဟာ အခုဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါနဲ့ ဆက်စပ်မှုရှိပါသလား။ ရှင်းပြပေး ပါဦး။

ဖြေ။ ။ ဓာတ်ခွဲစမ်းသပ်မှုအဖြေတွေအရ ၂၀၀၂ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ SARS (ဆားစ်) ရောဂါဟာ ကြောင်ကတိုးတွေကမှတစ်ဆင့် လူသို့ကူးစက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ MERS (မားစ်) ရောဂါက ကုလားအုတ်တွေကမှတစ်ဆင့် လူသို့ကူးစက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေ တိုးတက်လာတာနဲ့ အမျှ Coronavirus ရောဂါပိုးကူးစက်ခံရမှုတွေကို ပိုမိုတွေ့ရှိ လာရတာ ဖြစ်ပါတယ်။

အခု 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးဟာလည်း ဓာတ်ခွဲစမ်းသပ်နေမှုအခြေအနေအရ MERS (မားစ်) နဲ့ SARS (ဆားစ်) တို့နဲ့မတူညီသော်လည်း တိရစ္ဆာန်ကနေ လူကိုကူးစက်နိုင်မှု အခြေအနေများစွာရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု၊ ရောဂါပြင်းထန်မှု အခြေအနေကို ဆက်လက် လေ့လာလျက်ရှိပါတယ်။

 

မေး။ ။ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးဟာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါသလား။

ဖြေ။ ။အခုအချိန်ထိ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးအတွက် ကာကွယ်ဆေး (Vaccine) များ မရှိသေး ပါဘူး။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးအတွက် တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ ဒါပေမယ့် လူနာအခြေ အနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုတွေကို ဆောင်ရွက်ရပါတယ်။

 

မေး။ ။ ကမ္ဘာတစ်ဝန်းမှာ ဒီနေ့အထိ ရောဂါဖြစ်ပွားသူဦးရေ ဘယ်နှယောက်လောက်ရှိပါသလဲ။

ဖြေ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ (၂၃-၁-၂၀၂၀) ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ (၂၃-၁-၂၀၂၀) ရက်နေ့ အထိ ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားသူဦးရေ ၅၈၁ ဦးရှိပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၅၇၄ ဦး၊ ထိုင်းနိုင်ငံမှာ လေးဦး၊ ဂျပန်နိုင်ငံမှာ တစ်ဦး၊ တောင်ကိုရီးယားနိုင်ငံမှာ တစ်ဦးနဲ့ အမေရိကန်ပြည်ထောင်စုမှာ တစ်ဦး တွေ့ရှိရတယ်လို့ သိရပါတယ်။

 

မေး။ ။ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေ ဘယ်နှယောက်လောက်ရှိနေပြီလဲ။

ဖြေ။ ။တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှာ ဇန်နဝါရီ ၂၃ ရက်အထိ ဓာတ်ခွဲအတည်ပြု သေဆုံးလူနာ ၁၇ ဦးရှိကြောင်း သိရပြီး သေဆုံးသူအများစုမှာ အသက်အရွယ်ကြီးရင့်သူတွေနဲ့ နာတာရှည် ရောဂါအခံရှိသူ တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်သူတွေ နာတာရှည်ရောဂါ အခံရှိသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အထူးလိုက်နာဖို့ လိုအပ် ပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံမှာရော ရောဂါဖြစ်ပွားသူတွေ့ရှိနေပြီလား။ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေ ဘာတွေလုပ်နေပါသလဲ။

ဖြေ။ ။ဇန်နဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိရသူ မရှိသေးပါဘူး။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲအနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လေဆိပ်တွေမှာ Thermal Scanner တွေနဲ့ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ နယ်စပ်ဝင်/ထွက်ပေါက်တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ မြဝတီတို့မှာ Thermal Scanner တွေ၊ Noncontact Thermometer တွေနဲ့ အဖျားရောဂါ‌စောင့်ကြပ်ကြည့်ရှုခြင်းကို အထူးအရေးပေးဆောင်ရွက်လျက်ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ သံသယလူနာ တွေ့ရှိပါက အချိန်မီလွှဲပြောင်းကုသဖို့အတွက် ရန်ကုန်က ဝေဘာဂီဆေးရုံကြီး၊ မန္တလေးက မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်က ခုတင် ၁၀၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွေကို သတ်မှတ်ဆောင်ရွက်ထားပြီး သီးသန့် လူနာခန်းများ ပြင်ဆင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ အဆင်သင့်ရှိစေဖို့ စီစဉ်ခြင်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

တုပ်ကွေးဆန်သောရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းအတွက် Sentinel Hospital တွေအဖြစ် ဆေးရုံကြီး ရှစ်ရုံကို သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာတွေထံမှ ဓာတ်ခွဲနမူနာတွေကို ပုံမှန်ရယူပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့စစ်ဆေးလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆရာဝန်များအသင်း (ရန်ကုန်၊ မန္တလေး) တို့နဲ့ချိတ်ဆက်ပြီး ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ခြင်း၊ အခါအားလျော်စွာ ဟောပြောပွဲတွေပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ။

 

မေး။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒီရောဂါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပါသလဲ။

ဖြေ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း တရုတ်နိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) နဲ့အညီ ဇန်နဝါရီ ၂၂ ရက် နဲ့ ၂၃ ရက်တို့မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးဆုံးဖြတ်ချက်အရ အခုဖြစ်ပွားနေတဲ့ 2019 Novel Coronavirus (2019-nCoV) ရောဂါပိုး ကူးစက်ခံရမှုဖြစ်စဉ်ဟာ ပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of InternationalConcerm - PHEIC) ကြေညာဖို့ အချိန်စောလွန်းပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုတွေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

 

mdn

ဒေါက်တာသန်းနိုင်စိုး (ညွှန်ကြားရေးမှူး(တာဝန်)) ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ပြည်သူ့ကျန်းဗာရေးဦးစီးဌာန ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

မေး။ ။ ပြည်သူလူထုအနေနဲ့ ရောဂါပိုးကူးစက်ခြင်းမခံရအောင် ဘယ်အချက်တွေကို လိုက်နာ ဆောင်ရွက်သင့်သလဲ။

ဖြေ။ ။ လက်ရှိဖြစ်ပွားနေတဲ့ 2019 Novel Coronavirus (2019-nCoV) ဟာ အရင်ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါ (SARS) နဲ့ မားစ်ရောဂါ (MERS) တွေကို ဖြစ်ပွားစေခဲ့တဲ့ Virus ပိုးတွေနဲ့ မျိုးနွယ်အုပ်စုတူတဲ့ ရောဂါပိုးအမျိုးအစားဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေဟာ လူမှတစ်ဆင့် လူကိုကူးစက်နိုင်ခြင်း ရှိ၊ မရှိနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ (၁၅-၁၂၀၂၀) ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ “Limited Human to Human Transmission” ဟုသိရှိရပြီး Novel Coronavirus (နိုဗယ်ကိုရိုနာဗိုင်းရပ်စ်) ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရတဲ့သူများနဲ့ အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူထူထပ်သော နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသော အဝတ်နှင့် နှာခေါင်း စည်းအသုံးပြုခြင်း၊ တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ ( တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လူနာနှင့်ထိတွေ့သောအရာဝတ္ထုများအား အသုံးပြုကိုင်တွယ်ပြီးတိုင်းနှင့် လူနာနှင့် တိုက်ရိုက်ထိတွေ့ပြီးသည့် အခါတိုင်း လက်ကိုဆပ်ပြာနဲ့ စနစ်တကျဆေးကြောခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုဂရုပြုဆောင်ရွက်ခြင်း၊ ကောင်းမွန်စွာအိပ်စက် အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ လူနာအား ထိတွေ့ကိုင်တွယ်ရသည့်အချိန်တိုင်း မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံရခြင်း မရှိစေရန် Infection Prevention and Control အား အထူးဂရုပြုလိုက်နာခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ် များသို့ လေကြောင်းခရီးမှတစ်ဆင့် ဝင်ရောက်လာသော ပြည်တွင်း ပြည်ပခရီးသွားများအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပြည်ပြည် ဆိုင်ရာခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာအကြံ ပေးချက် (Travel Advice) ကိုလိုက်နာခြင်း၊ ရောဂါလက္ခဏာများတွေ့ရှိသည်ဟု ယူဆပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံ သတင်းပို့၍ ကုသမှုခံယူခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။

 

မေး။ ။ ပြည်သူတွေကို အသိပေးပြောကြားလိုတာရှိရင်လည်း ပြောပေးပါဦး။

ဖြေ။ ။2019 Novel Coronavirus (2019-nCoV)ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် (https://www.mohs.gov.mm/) နဲ့ Facebook page၊ Myanmar CDC Facebook Page (https://web. facebook.com/MyanmarCDC/) နဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲရဲ့ Facebook page တို့ကတစ်ဆင့် ထုတ်ပြန်သွားမှာ ဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကိုလည်း စနစ်တကျ လိုက်နာဆောင်ရွက်ကြပါလို့ ပြောကြားလိုပါတယ်။

 

တွေ့ဆုံမေးမြန်း -ရှင်မင်း

ဓာတ်ပုံ- ထိန်နန်နော်