တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက မိုးတွင်းကာလဆိုရင် တုပ်ကွေး၊ ငှက်ဖျားတွေ စတင်ဖြစ်ပြီး အေးတဲ့ ဆောင်းရာသီမှာတော့ ဒီလိုဖျားနာခြင်းတွေဟာ ပုံမှန်ထက် ပိုပြင်းထန် နိုင်သလို တစ်ဦးကနေ နောက်တစ်ဦး ကူးစက်ဖို့လည်း အရမ်းမြန်တာကို မမေ့သင့်ပါဘူး။

 

ဘာကြောင့်လည်း ဆိုတော့ ဒီလိုတုပ်ကွေးကို ဖြစ်စေတဲ့ ရောဂါပိုးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့ ရာသီမှာ အသက်ရှင်ရလွယ်ကူသလို ချမ်းစိမ့်တဲ့လေတွေထဲမှာလည်း အမြဲလိုလို ပါနေတတ် ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဗဟုသုတ နည်းလွန်းတဲ့ သူအများစုရဲ့ လက်ကိုင်ပဝါနဲ့ ပါးစပ်ကို မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးတတ်တဲ့ အကျင့်ဆိုးကြောင့် ပုံမှန်ထက်ပိုပြီး တုပ်ကွေးတွေ အဖြစ်များနိုင်ပါတယ်။ ဆင်တုပ်ကွေးက အခုတလော နည်းနည်း ပြန်ငြိမ်သွားပါပြီဆိုပေမယ့် လုံးဝမဖြစ်နိုင်တော့တာ မဟုတ်ပါဘူးနော်။ အခုချိန်ထိကို  ဆင်တုပ်ကွေး လက္ခဏာတွေ ပြပြီး ဆေးခန်းရောက်လာတဲ့ လူနာတွေလည်း အများကြီးပါပဲ။

 

နောက်တစ်ချက် ဂရုစိုက်သင့်တာကတော့ ခြင်ပါ။ ခြင်ဆိုတာက ပူတဲ့အချိန်မှာ ပွားတာများတယ်၊ အေးတဲ့အချိန်မှာ သိပ်မတွေ့ရဘူးဆိုပေမဲ့ လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ အထူးသဖြင့် ဒီလိုဆောင်းတွင်းမှာက အပြင်သိပ်မသွားဘဲ အိမ်မှာပဲ အမြဲအောင်းနေတတ်တာဆိုတော့ ခြင်ကိုက် ခံရဖို့ ပိုလွယ်ကူနိုင်ပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးဟာ လေထဲမှတစ်ဆင့် ကူးစက်ရုံ သာမက ခြင်ကိုက်ခံရတဲ့အခါမှာလည်း ကူးစက်တတ်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ အိမ်သန့်ရှင်းရေးကို အမြဲတမ်း သတိပြုထားသင့်ပါတယ်။

 

အဲ့တော့ တုပ်ကွေးမဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ကြမလဲ။

 


• တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် မှန်မှန်ထိုးပါ။ ဒီနှစ်အတွက် မထိုးရသေးဘူးဆိုရင် ခုကတည်းက စထိုးထားသင့်ပါပြီ။


• အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် လက်သုတ်ပဝါ၊ တစ်သျှူးအမြဲ ဆောင်ထားပါ။ ကိုယ်နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်ကိုအုပ်ပါ။ တခြားသူတွေ နှာချေ၊ ချောင်းဆိုးရင်လည်း ကိုယ့်နှာခေါင်းနဲ့ ပါးစပ်ကို ချက်ချင်းအုပ်ပါ။ ကိုယ့်ကျန်းမာရေးအတွက် ဘယ်သူ့မျက်နှာကိုမှ ထောက်ကြည့်နေစရာ မလိုပါဘူး။


• ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေကို သေချာဂရုစိုက်ပါ။ အထူးသဖြင့် ခြင်ကိုက်မခံရအောင် ထားပေးပါ။


• အစာမစားခင်နဲ့ ပစ္စည်းတစ်ခုခု ကိုင်ပြီးတိုင်း လက်ဆေးတတ်တဲ့ အကျင့်လုပ်ပါ။ အပြင်ရောက်နေရင် လက်သန့်စင်ဆေးရည်နဲ့ လက်ကိုသေချာဆေးပါ။


• အစာအာဟာရကို သေချာဂရုစိုက်ပြီး ပြင်ဆင်ချက်ပြုတ်ပါ။ အပြင်က ယင်နားစာတွေ၊ အာဟာရမဖြစ်တာတွေ စားတာရှောင်ပါ။


• ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်၊ နွားနို့ များများစားပါ။ မုန့်ပဲသရေစာအနေနဲ့ အချဉ်ဓာတ်များတဲ့ သစ်သီးတွေကို စားသုံးပေးပါ။


• ဗီတာမင် စီ အားဆေးတွေကို တစ်နေ့ တစ်လုံးမှီဝဲပါ။


• အိပ်ချိန်ကို တစ်နေ့ အနည်းဆုံး ၇နာရီရအောင် အိပ်ပါ။


• အိမ်နဲ့ ကိုယ်အိပ်တဲ့ အခန်းတွေကို ဖုန်မတက်အောင်၊ ခြင်မအောင်းနေအောင် သေချာ သန့်ရှင်းရေးလုပ်ပါ။ ဆေးကြောတိုက်ချွတ်ပါ။


• လေ့ကျင့်ခန်းလုပ်ပေးပါ။ Gym သွားဖို့ အချိန်မပေးနိုင်ရင် မနက်စောစော ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ၊ ပိတ်ရက်တွေမှာ ရေကူးတာ၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။ မိသားစုအတူတကွ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။

 

ကဲ ဒါဆိုရင် တုပ်ကွေးရာသီမှာ ကိုယ်ရော ကိုယ့်မိသားစုပါ ကျန်းမာပျော်ရွှင်နေဖို့ မလိုလားအပ်တဲ့ ဖျားနာခြင်းတွေ မဝင်လာအောင် ခုကတည်းက ကာကွယ်ကြဖို့ အကြံပေးလိုက်ပါတယ်နော်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”