တူရကီတွင် ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ၁၈ ဦးသေဆုံး

၂၅ ဇန်နဝါရီ

 

တူရကီနိုင်ငံအရှေ့ပိုင်းတွင် ယမန်နေ့ညက လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ၁၈ ဦး သေဆုံးခဲ့ကြောင်း တူရကီအစိုးရက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါငလျင်ဒဏ်ကြောင့် ငလျင်လှုပ်ခဲ့သည့် နေရာတဝိုက်တွင် အဆောက်အဦ ၃၀ ခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အမေရိကန် ဘူမိဗေဒစစ်တမ်းများအရ ပြင်းအား ၆.၇ ရှိ ငလျင်တစ်ခုသည် အဲလာဇစ်ပြည်နယ်တွင် ဒေသစံတော်ချိန် ည ၉ နာရီခန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။  အဆိုပါ ငလျင်ကြောင့် ပြည်သူ ၆၀၀ ကျော်သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ငလျင် လှုပ်ခတ်ပြီးချိန်မှစ၍ လုပ်ဆောင်လျက်ရှိကြောင်း တူရကီတာဝန်ရှိသူများက ပြောခဲ့သည်။

 

တူရကီတွင် ငလျင်လှုပ်ခတ်မှုသည် ဖြစ်လေ့ဖြစ်ထရှိပြီး ၂၀၁၁ ခုနှစ်က နိုင်ငံအရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူ ၆၀၀ ခန့် သေဆုံးခဲ့ရသည်။ ထို့ပြင် ၁၉၉၉ ခုနှစ်က နိုင်ငံအနောက်ပိုင်းကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် ငလျင်လှုပ်ခတ်မှုသည် ပြည်သူ ၁၇,၀၀၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့သည်။

ဘာသာပြန်-စုရည်

ကိုးကား-အန်အိတ်ချ်ကေ