ဥရောပ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ လေးသိန်းကျော်ရှိလာ

ပါရီ ၂၈ နိုဝင်ဘာ 

ဥရောပတိုက်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၀၀၀၀၀ ကျော်ရှိလာကြောင်း တရားဝင်သတင်းရင်းမြစ်များမှ ယနေ့ရယူထားသည့် အချက်အလက်များအရ သိရသည်။

ဥရောပတိုက်သည် လက်တင်အမေရိကနှင့် ကာရစ်ဘီယံပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယ အဆိုးဆုံးထိခိုက်သွားသည့် ဒေသတစ်ခုဖြစ်လာခဲ့သည်။ ဥရောပ၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၇၆၀၆၃၇၀ ခန့်ရှိလာပြီး ၎င်းတို့အနက် ၄၀၀၆၄၉ ဦးသည် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးခဲ့သည်။ 

ဥရောပတိုက်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများအနက် ၃၆၁၄၇ ဦးသည် ပြီးခဲ့သည့် သီတင်းပတ် တစ်ပတ်တည်းအတွင်း သေဆုံးခဲ့ရခြင်းဖြစ်ရာ ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ရက်သတ္တပတ်အတွင်း သေဆုံးမှုအများဆုံးဖြစ်သည်။

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၇၅၅၁ ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းနီးပါးရှိရာ ဥရောပရှိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအားလုံး၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ ထို့အပြင် အီတလီ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၃၆၇၇ ဦးနှင့် ရောဂါကူးစက်ခံရသူ ၁ ဒသမ ၅ သန်း၊ ပြင်သစ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၁၉၁၄ ဦးနှင့် ရောဂါကူးစက်ခံရသူ ၂ ဒသမ ၂ သန်း၊ စပိန်၌ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၄၄၆၆၈ ဦးနှင့် ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းနှင့် ရုရှား၌ ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူ ၃၉၀၆၈ ဦးနှင့် ရောဂါကူးစက်ခံရသူ ၂ ဒသမ ၂ သန်း စသည်ဖြင့် အသီးသီး ရှိကြသည်။
ပြင်သစ်အစိုးရက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှုတချို့ ဖြေလျှော့သည့်အနေဖြင့် စတိုးဆိုင်များကို ယနေ့မှစ၍ ပြန်ဖွင့်ခွင့်ပေးလိုက်သလို ပိုလန်နိုင်ငံလည်း ဈေးဆိုင်များကို ပြန်ဖွင့်ရန် စီစဉ်ထားသည်။ ထို့အတူ ဘယ်လ်ဂျီယံအစိုးရသည် ဒီဇင်ဘာ ၁ ရက်မှ စ၍ ဈေးရုံများကို ပြန်ဖွင့်ရန် ခွင့်ပြုထားသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန် ချမှတ်ထားသည့်  လက်ရှိ ကန့်သတ်ချက်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်အထိ ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။ အလားတူပင် ဂျာမနီ၊ လူဇင်ဘာ့ခ်၊ နယ်သာလန်နှင့် အိုင်ယာလန် နိုင်ငံတို့လည်း ခရစ္စမတ်ပွဲတော်ကာလအတွင်း အသွားအလာကန့်သတ်မှုတချို့ ဖြေလျှော့ရန် စီစဉ်ထားကြကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ          
ဘာသာပြန် - ဂျေတီ