ဦးမောင် (Art) ၏ ဒုတိယအကြိမ်မြောက် 2020-63 အမှတ်တရ တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပ

ပန်းချီ ဦးမောင် (Art) ၏ 2020-63 အမှတ်တရ တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးရှိ OK Art Gallery ၌ ဇန်နဝါရီ ၁၈ ရက်မှ စတင် ကျင်းပလျက်ရှိသည်။

 

ပန်းချီပညာကို သီးသန့် သင်ယူခဲ့ရခြင်းမျိုးမရှိဘဲ ဝါသနာအရ လေ့လာမှတ်သားပြီး ဝန်ထမ်းဘဝတစ်လျှောက် သွားလာခဲ့ရသည့် ဒေသများကို အခြေခံကာ ပန်းချီကားများကို ရေးဆွဲ၍ ယခု ဒုတိယအကြိမ်မြောက် ပန်းချီပြပွဲကို မွေးနေ့ အမှတ်တရအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ပန်းချီပညာရှင် ဦးမောင် (Art) က ပြောသည်။

 

"ပန်းချီပြပွဲကတော့ ဒါနဲ့ပါဆို ဒုတိယအကြိမ်ရှိပြီ။ မနှစ်က ၆၂ နှစ်ပြည့်မွေးနေ့မှာ ပထမဆုံးအကြိမ် ပြပွဲလုပ်ဖြစ်တယ်။ ဦးက ဝန်ထမ်းဆိုတော့ ခရီး‌တွေထွက်ရတယ်။ ခရီးထွက်ရင်း တောတောင်သဘာဝတွေကို ခံစားပြီး ကိုယ်ဝါသနာပါတဲ့ ပန်းချီပညာနဲ့ သရုပ်ဖော်တာကို အကောင်အထည်ဖော် ဖြစ်တာပေါ့နော်။ ပန်းချီပညာကို သူများတွေလို စနစ်တကျ သင်ယူရတာမျိုးတော့ မရှိပါဘူး။ ဒီပညာနဲ့ပတ်သက်ရင် စာအုပ်စာပေနဲ့ မြင်ဆရာတွေပဲ ရှိပါတယ်။ ငယ်ငယ်က ဝါသနာပါပေမယ့် ဟိုခြစ် ဒီခြစ်ပါပဲ။ သေသေချာချာ ဆွဲဖြစ်တာက လေးနှစ်လောက်ပဲရှိပါသေးတယ်။ အလုပ်က အငြိမ်းစားယူပြီး နောက်ပိုင်းကျမှ ဆွဲဖြစ်တာ။ ပန်းချီပညာကို သေသေချာချာ သင်ယူထားတာ မရှိပေမယ့် အခြေခံတွေ၊ အရောင်တွေကတော့ လေ့လာထားတာပေါ့နော်။ အများဆုံးဆွဲဖြစ်တာကတော့ ရှုခင်းတွေပေါ့၊ တောတောင်ရှုခင်းတွေကို တစိမ့်စိမ့် ခံစားနေရတာကို နှစ်သက်တယ်။ အခုပင်စင်ယူပြီးနောက်ပိုင်းတော့ မကြာမကြာ ဆွဲဖြစ်ပါတယ်။ ဒီပွဲကတော့ အသက် ၆၃ နှစ်ပြည့် အမှတ်တရပွဲဖြစ်လို့ စိတ်ကြိုက်ဆွဲထားတဲ့ ပန်းချီကားပေါင်း ၆၃ ကားကို ပြသထားပြီး သင့်တင့်တဲ့တန်ဖိုး သတ်မှတ်ရောင်းချ ထားပါတယ်။ ပထမအကြိမ် ပြပွဲတုန်းက ပန်းချီကားပေါင်း ခုနစ်ကား ရောင်းချခဲ့ရပါတယ်”ဟု ၎င်းက ဆက်ပြောပြသည်။

 

ပန်းချီပညာအပေါ် အမြင်နှင့် ပတ်သက်၍လည်း "ပန်းချီပညာကို လူတိုင်း ခံစားစေချင်တယ်။ အနုပညာအမြင်နဲ့ဆိုရင် လောက က ပိုပြီး လှပလာမယ်လို့ ခံစားရလို့ပါ။ စိတ်အနုအရွလေးတွေ ဖြစ်နေတဲ့အတွက် သူတစ်ပါးကို တိုက်ခိုက်လိုစိတ် ကြမ်းတမ်းတဲ့စိတ်တွေလည်း လျော့နည်းလာမယ်လေ။ ဒါကြောင့် လူတိုင်း ပန်းချီကို ခံစားမိစေချင်တယ်”ဟု ဆက်ပြောသည်။

 

ယခုနှစ် ပန်းချီပြပွဲတွင် အခရိုင်းလစ်ဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပြသရောင်းချပြီး အကျိုးအမြတ် ရရှိရေးထက် အမှတ်တရအဖြစ်သာ ရည်ရွယ်၍ တစ်ကားလျှင် အမျိုးအစားနှင့် အရွယ်အလိုက် အမေရိကန်ဒေါ်လာ ၁၀ဝ၊ ၂၀ဝ နှင့် ၃၀ဝ ဟု သတ်မှတ်ရောင်းချနေကြောင်း သိရသည်။

 

ကိုလင်း