ဝေါမြို့မဈေး၌ စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှု ရှိမရှိစစ်ဆေး

ဝေါ၊  ၂၂  ဇန်နဝါရီ 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မဈေးကြီး၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်းရှိ မရှိ စစ်ဆေးခြင်းကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ အခြားဘာသာ တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားခြင်းရှိ မရှိနှင့် ကုန်အညွှန်း အမှတ်အသားများဖြစ်သော ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ FDA ထောက်ခံချက် အမှတ်အသားနှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ ပါရှိခြင်းရှိ မရှိတို့ကို စစ်ဆေးပြီး ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)