ဝန်းသိုမြို့နယ်၌ ကျေးရွာပေါင်း ၁၈ ရွာတွင် မြေအောက်ရရှိနိုင်စွမ်း ရှိ ၊ မရှိ တိုင်းတာဆောင်ရွက်

ဝန်းသို၊  ၂၂  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရေးနှင့် ပူပြင်းခြောက်သွေ့သော နွေရာသီကာလ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နှစ်စဉ်ဘတ်ဂျက်လျာထားဆောင်ရွက်ပေးလျက်ရှိရာ စက်ရေတွင်း တူးဖော်ပေးနိုင်ရေး မြေအောက်ရေရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၂ ရက်နေ့မှ စတင်တိုင်းတာဆောင်ရွက်ခဲ့ရာ ယနေ့တွင် ကျေးရွာ ၁၈ ရွာထိ တိုင်းတာဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့မြို့နယ်က တောင်ကုန်း၊ တောင်တန်းတွေ၊ ချောင်းငယ်မြောင်းငယ်တွေ ပေါတယ်၊ ရေရှားသလားဆိုတော့မရှားဘူး၊ ဒါပေမယ့် ပူပြင်းခြောက်သွေ့တဲ့နွေရာသီမှာတော့ ရေတွင်း၊ ရေကန်တွေ ခန်းတယ်၊ အဲဒီတော့ အဓိကက နွေရာသီသောက်သုံးရေမပြတ်လပ်ဖို့ ကျွန်တော်တို့ဌာန စက်ရေတွင်းတွေတူးဖော်ပြီး မြေအောက်ရေကိုရယူပါတယ်၊ ဘူမိဗေဒတိုင်းထွာချက်အရ မြေအောက်လွှာတွေဟာ အလွန့်အလွန်မာကျောတဲ့ ကျောက်လွှာတွေပေါတယ်၊ ဒါကြောင့် မြေအောက်ရေရယူဖို့ စက်ရေတွင်းတွေတူးဖော်ပေးရာမှာ မြေအောက်ရေ ရနိုင်စွမ်း ရှိ/မရှိ တိုင်းတာဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်၊ မလိုအပ်ဘဲ နိုင်ငံတော်ဘတ်ဂျက်တွေ မဆုံးရှုံးစေဖို့လည်း ပါပါတယ်"ဟု မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက Geophysical Survey တိုင်းတာရခြင်းအကြောင်းကို ရှင်းပြသည်။

အဆိုပါ မြေအောက်ရေရရှိနိုင်စွမ်း Geophysical Survey တိုင်းတာခြင်းကို ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်တို့နှင့် ဆောင်ရွက်မည့်ကျေးရွာ ၇ ရွာ၊ ဖြည့်စွက်ဘတ်ဂျက်၊ မွမ်းမံဘတ်ဂျက်လျာထားတင်ပြထားသော ကျေးရွာ ၂ ရွာ၊ နောင်နှစ် ၂၀၂၁-၂၀၂၂ ခုနှစ်ဘတ်ဂျက်တွင်ဆောင်ရွက်ရန် စက်ရေတွင်းတူးဖော်ရန် လျာထားတင်ပြထားသော ကျေးရွာ ၉ ရွာ၊ စုစုပေါင်းကျေးရွာ ၁၈ ရွာ တိုင်းတာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မွှေးကြူဇင်