ဝန်းသိုမြို့နယ်ရှိ အံ့ဖွယ်ထူးမြတ် ကျောက်မောင်းတောင်စေတီတော်မြတ်

၉ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် သဲချောင်းကျေးရွာ အနီး တောင်ပေါ်ရှိ မြင့်မားသော ကျောက်တောင်ကြီးပေါ် တွင် အံ့ဖွယ်ထူးမြတ်သပ္ပာယ်လှသည့် ကျောက်မောင်းတောင်စေတီတော်ကြီးတည်ရှိသည်။ အဆိုပါစေတီတော် တည်ထားရာတောင်သည် တစ်ဖက်မြေသားဖြစ်၍ အခြား တစ်ဖက်တွင် အလွန်မြင့်မားသည့် ကျောက်သားစစ်စစ် ကျောက်တောင်ကြီးဖြစ်နေခြင်း၊ ကျောက်ငုတ်တို တစ်ခု အတွင်းမှ ထွက်ပေါ်လာသော မောင်းသံ၊ ဗြောသံ၊ စည်သံများ ထူးခြားစွာကြားရခြင်းတို့ကြောင့် ကျောက် မောင်းတောင်စေတီတော်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

 

ရှေးယခင်က စေတီတော်တွေ တည်ထားကိုးကွယ်မှု မရှိခင်အချိန်တုန်းက ဦးကြွက်နီနဲ့ ဦးဖိုးစုတို့ နှစ်ဦးဟာ နွားကျောင်းရင်းနဲ့ ဒီကျောက်တောင်ပေါ်ကနေ ကျောက်တုံး တွေကို တွန်းချလှိမ့်ချကြတယ်။ အဲဒီလို ပြုလုပ်ရင်းနဲ့ ကျောက်ပါးစပ်နှစ်ခုကြားမှာရှိတဲ့ ကျောက်ငုတ်တိုတစ်ခု ကိုမြင်သွားပြီးတော့ လှုပ်ကြည့်၊ ဆွဲထုတ်ကြည့်လိုက်တဲ့ အချိန်မှာ မောင်းသံကြီးနဲ့အတူ ဗြောသံ၊ အိုးစည်သံ၊ ဒိုးပတ် သံတွေက ကျယ်ကျယ်လောင်လောင် ထူးခြားစွာမြည်လာခဲ့ တယ်။ ဒါကြောင့် ကျောက်မောင်းတောင်ဆိုတာ မောင်းရှိလို့ ခေါ်တာမဟုတ်ပါဘူး။ ဒီတောင်တော်ပေါ်မှာ သာသနာ ရောင်ဝါလင်းချင်ရင် အချိန်နဲ့အခါသင့်မှာ ထူးခြားတဲ့ မောင်းသံပေးတတ်တာကြောင့် ကျောက်မောင်းတောင် စေတီလို့ ယခုအချိန်မှာ နာမည်တွင်ထင်ရှားနေရခြင်းဖြစ်ပါ တယ် ဟု သဲချောင်းကျေးရွာနေ ဦးဝင်းမောင်က ပြောသည်။

 

ကျောက်မောင်းတောင်စေတီတော် တည်ထားရာ ကျောက်တောင်ကြီးပေါ်တွင် ရဟန္တာပုံတော်၊ ဘိုးဘိုးကြီး ပုံတော်၊ သိုက်နန်းမယ်တော်ကြီးနှင့် သမီးတော်ပုံများ၊ အစောင့်အရှောက်ပုံတော်ဖြစ်သည့် ကျောက်ဝက်၊ ကျောက်ဘီလူး ကျောက်ကျား၊ ကျောက်သရဲစသည့် ထူးခြားသည့်ပုံတော်များရှိပြီး ဘုရားစေတီပုထိုးများမှာ လည်း အဆူပေါင်း ၆၀ ကျော် တည်ထားကိုးကွယ်ထားရှိ ကြောင်း သိရသည်။

 

အဆိုပါ ကျောက်မောင်းတောင်စေတီတော်သည် ဝန်းသိုမြို့နှင့် ၁၁ မိုင်ခန့်ကွာဝေးပြီး အာမခံ-တောင်ဘို့လှ ရွာဘက်မှလည်းကောင်း၊ ညောင်ပင်သာ-ကျောက်မဆင် ရွာဘက်မှလည်းကောင်း၊ ပုဇင်းသာ (ကောလင်းနယ်) လေးရွာ-တပ်ကုန်းဘက်မှလည်းကောင်း၊ ဂျိုးတောင်-အင်္ဂါး ရွာဘက်မှလည်းကောင်း လမ်းသွယ်လေးလမ်းဖြင့် သွားရောက် ဖူးမြော်ကြည်ညိုနိုင်ကာ ယခင်က ရပ်ဝေးရပ်နီး မှ ဘုရားဖူးပြည်သူများ နေ့စဉ်ရာဂဏန်းခန့် လာရောက် ဖူးမြော်လျက်ရှိသော်လည်း ယခုအချိန်တွင် ကိုဗစ်-၁၉ ကာလကြောင့် ဘုရားဖူးပြည်သူများ နေ့စဉ်ဆယ်ဂဏန်း ခန့်သာ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)