ဝုန်းဝုန်းဒိုင်းဒိုင်း တင်းမာမှု ဂယက်လှိုင်း ရိုက်ခတ်ချိန်

ကိုရင်ဩ

အီရန်နိုင်ငံ၏   ထိပ်တန်းအဏုမြူ  သိပ္ပံပညာရှင်    မိုဆန်းဖာခရီဇာဒက်သည်  မြို့တော်တီဟီရန်     ဆင်ခြေဖုံးအရပ်တွင် မော်တော်ယာဉ်ဖြင့် ခရီးသွားလာနေစဉ် ချုံခိုတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားရသည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ  အရှေ့အလယ်ပိုင်းဒေသ၏ ရင်သပ်အံ့ဩရှုမောစရာ         သတင်းစာမျက်နှာများပေါ်မှ     လူးလာဆန်ခတ် ဖြစ်စဉ်နှင့်ပတ်သက်၍        အုတ်အုတ်ကျက်ကျက် ပေါ်ထွက်လာသော အသံဗလံများကို နားစွင့်ကာ စေ့ငုလေ့လာမိလေ၏။

နိုဝင်ဘာလ ၂၇ ရက်က   လုပ်ကြံသတ်ဖြတ်ခံလိုက်ရသူ ဖာခရီဇာဒက်သည် အီရန်အစ္စလာမ္မစ် သမ္မတ နိုင်ငံတော်၏ စစ်ဘက်ဆိုင်ရာ   အဏုမြူအစီအစဉ်၏ ပဲ့ကိုင်ရှင်အဖြစ်        တာဝန်ယူခဲ့သူဟူ၍ အနောက်တိုင်း နိုင်ငံများက သတ်မှတ်ထား သည်။ အဆိုပါ အစီအစဉ်ကို ၂၀၀၀ ပြည့်နှစ် လွန်ကာလမှစ၍   ဆက်လက်အကောင် အထည်ဖော်ခြင်း မပြုတော့ဘဲ အဆုံးသတ် ခဲ့သည်ဆို၏။

မြို့တော် တီဟီရန်အရှေ့ဘက် အဘာဆတ်အရပ်တွင် ဖာခရီဇာဒက် လိုက်ပါလာသော မော်တော်ယာဉ်ကို ချုံခိုတိုက်ခိုက်ခဲ့ ကြသူများမှာ “အကြမ်းဖက်သမားများ” ဖြစ်ကြပြီး သူ၏သက်တော်စောင့်များနှင့် သေနတ်သမားများအကြား အပြန်အလှန် ပစ်ခတ်မှု   ဖြစ်ပွားခဲ့ပြီးနောက်   ၎င်းမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ    ဆေးရုံသို့ အရောက်တွင် သူရဲကောင်းတို့၏ သေခြင်းမျိုးဖြင့် သူကွယ်လွန်သွားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ခြုံခိုတိုက်ခိုက်မှုအတွင်း    သေနတ်သမားအချို့လည်း        သေဆုံးကြောင်း    ဒေသန္တရအာဏာပိုင်များက           အတည်ပြု ပြောကြားခဲ့ကြသည်။

တာဝန်ယူထားသူဖြစ်

ဖာခရီဇာဒက်သည်  အီရန်ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဌာန၏ အကြီးအကဲ အဖြစ် တာဝန်ယူထားသူဖြစ်ပြီး နိုင်ငံတော်၏ ထွန်းထွန်းပေါက်ပေါက် အဏုမြူ ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်ကာ      သူလုပ်ကြံခံရမှုတွင် အစ္စရေး၏ လက်ချက်မကင်းဟု ယူဆရကြောင်း    နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲပြောဆိုခဲ့သော်လည်း   အသေးစိတ်ဖော်ပြခြင်း မပြုပေ။

အစ္စရေးနိုင်ငံကမူ အီရန်၏ ပြောကြား ချက်နှင့်ပတ်သက်၍          တုံဏှိဘာဝေ ခပ်မဆိတ်နေဆဲဖြစ်၏။ အစ္စရေးနိုင်ငံသည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက အီရန်၏ အဏုမြူ သိပ္ပံပညာရှင်များကို တစ်ဦးပြီး တစ်ဦးပစ်မှတ်ထားကာ ဇီဝိန်ခြွေခဲ့သည့် နိုင်ငံအဖြစ် ကာလကြာရှည် သင်္ကာမကင်း ခံခဲ့ရသည့်နိုင်ငံအဖြစ် ရှုမြင်ခံရ၏။

ဖာခရီဇာဒက်     လိုက်ပါလာခဲ့သော ‘နီဆန်း’     ဆီဒင်ကား၏   လေကာမှန် မျက်နှာပြင်ပေါ်ဝယ်    သေနတ်ကျည်ဆန် ထိမှန်ချက်များကို ထီးထီးမားမား တွေ့မြင် ရပြီး        မော်တော်ယာဉ်အနီးအပါးတွင် သွေးအိုင်ကွက် တစ်ခုကိုလည်း တွေ့မြင်ရကြောင်း အွန်လိုင်းမီဒီယာများက ကတိုက်ကရိုက် ထုတ်လွှင့်လျက်ရှိကြ၏။

ပေါက်ကွဲသံကြီးတစ်သံနှင့်     စက်သေနတ်သံများကို ကြားသိခဲ့ကြရသည်ဟု မျက်မြင်တွေ့ရှိသူများက   ဆိုကြသည်။ ချုံခိုတိုက်ခိုက်မှုအတွင်း     ထိခိုက်ဒဏ်ရာရကြသော  ဖာခရီဇာဒက်၏  ကိုယ်ရံတော် များအပါအဝင် လူအများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

မည်သူမည်ဝါတို့က  ရန်ငြိုးသိုကာ ‘ဗျာ ပါဒ’ ဒေါသဖြင့် လုပ်ကြံသတ်ဖြတ်ဘိသနည်း ဟု  အီရန်ပြည်သူတို့  ရင်ဘတ်စည်တီးကာ ညည်းတွားကြလျက်   အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြ၏။ ယခုအချိန်အထိမူ မည်သည့် အုပ်စုကမျှ သူ့လက်ချက်အဖြစ် ကြေညာခြင်း မရှိသေးရကား   နိုင်ငံတော်၏   ထိပ်တန်း အဏုမြူ သိပ္ပံပညာရှင် ကတိမ်းကပါးဖြစ်ရမှုအတွက် ယူကျုံးမရ အပူလုံးကြွရုံမှတစ်ပါး အခြားမရှိပြီ။

မည်သူမည်ဝါမှန်း  မသိရသော လုပ်ကြံသတ်ဖြတ်သူ သုံးလေးဦးက ဖာခရီဇာဒက် အား လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု    အီရန်ရှိ ‘ဖားစ်’ သတင်းဌာနက သတင်းထုတ်လွှင့်ခဲ့သည်။  ယင်းဖြစ်စဉ်တွင်  သေနတ်သမား သုံးလေးဦး     သေဆုံးခဲ့ရသည်ဟုလည်း သတင်းတွင်ဖော်ပြသည်။

အီရန်နိုင်ငံ၏   သိပ္ပံရေးရာ   တိုးတက်အောင်မြင်မှုများအပေါ် လိုလားခြင်းမရှိသော သွေးကြီးမောက်မာသည့်    အင်အားစု၏ လက်ချက်အဖြစ် အစိုးရတာဝန်ရှိသူများက ဝေဖန်ပြောဆိုလျက်ရှိကြ၏။

ထိပ်တန်းသိပ္ပံပညာရှင် လုပ်ကြံသတ် ဖြတ်ခံရမှုအတွက် အစ္စရေးနိုင်ငံ တာဝန်ရှိပုံကို  အထင်အရှား တွေ့မြင်ရသည်ဟု အီရန် အထူးသံတမန် မဂျစ်ရာဗင်ချီက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့်    ကုလသမဂ္ဂလုံခြုံရေး ကောင်စီတို့ထံ   ပေးပို့သော   စာလွှာတွင် ဖော်ပြထားပြီး   အီရန်နိုင်ငံအနေဖြင့်   မိမိ ကိုယ်မိမိ ကာကွယ်ခွင့်ရှိသည်ဟု ဆိုသည်။
အသက် ၆၃ နှစ်အရွယ်ရှိ ဖာခရီဇာဒက်သည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အထက်တန်းအဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး ဒုံးကျည် ထုတ်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင် တစ်ဦးလည်းဖြစ်ပေရာ အစ္စရေးထောက်လှမ်း ရေးဌာနများက  သူ့ကို လုပ်ကြံသတ်ဖြတ်နိုင်ရန် နှစ်ပေါင်းကြာရှည် တစိုက်မတ်မတ် ကြိုးပမ်းခဲ့ကြောင်း  ‘ဖားစ်’ သတင်းဌာနက  ဖော်ပြသည်။

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံနှင့် စစ်ပွဲတစ်ပွဲဖြစ်ပွားလာစေရန်အလို့ငှာ မိမိတို့၏ သိပ္ပံပညာရှင်တစ်ဦးကို   လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်ဟု အီရန် ဦးသျှောင် အယာတိုလာ  အလီခါမေနီ၏   စစ်ရေးအကြံပေး  ပုဂ္ဂိုလ် တစ်ဦးက သုံးသပ်သည်။

ရဟူဒီအမျိုးသားရေးဝါဒကို လက်ခံသော အစ္စရေးနိုင်ငံသည် မိမိတို့၏နိုင်ငံအင်အား ချည့်နဲ့ဆုတ်ယုတ်သွားအောင်  ကြိုးပမ်းနေ သည်ဟု သူက ဝေဖန်သည်။

အီရန်သမ္မတ       ဟာဆန်ရိုဟာနီသည် နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင်   ထိပ်တန်းနျူကလီးယား သိပ္ပံပညာရှင် သေဆုံးရမှုအတွက် ဇီယွန်ဝါဒီ (ဝါ) ရဟူဒီအမျိုးသားရေးဝါဒီ အစ္စရေးနိုင်ငံ အပေါ် စွပ်စွဲပြစ်တင်ခဲ့ပြန်သည်။

အီရန်နိုင်ငံ၏  ဘာသာရေးနှင့် စစ်ရေးခေါင်းဆောင်များက  ဖာခရီဇာဒက် လုပ်ကြံခံရမှုအတွက် လက်စားချေမည်ဟု  တုံ့ပြန်ကြုံးဝါးခဲ့ကြရာ မည်သို့မည်ပုံ တစ်ပွဲတစ်လမ်း အကဲစမ်းမည်ကို ဆက်လက်စောင့်စားကြည့်ရှု ကြရပေဦးမည်။   ဖာခရီဇာဒက် လုပ်ကြံသတ်ဖြတ်ခံရခြင်းဟူသော အကြောင်းတရား အရ  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်၏ အုပ်စိုးမှု      နောက်ဆုံးရက်သတ္တပတ်များ ကာလတွင် အီရန်နိုင်ငံနှင့် ယင်း၏ပြိုင်ဘက် နိုင်ငံများအကြား ထိပ်တိုက်တွေ့မှု အလားအလာကို ဖြစ်ပေါ်လာစေနိုင်သည်ဟု ရှုမြင်ရ သည်။
ထိုစဉ်အတွင်း အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဂျိုးဘိုင်ဒင်က   အီရန်နိုင်ငံနှင့်  သံတမန်ရေး   တွေ့ထိဆက်ဆံမှုပြုလုပ်ရန်ရှိနေသော အနေအထားအပေါ် တစ်စုံတစ်ရာအကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်ပေသည်။

အီရန်နိုင်ငံသည် အဏုမြူစွမ်းအင်ထုတ် လုပ်နိုင်ရန် ကြိုးပမ်းနေချိန်အတွင်း အဏုမြူ ဗုံးထုတ်လုပ်နိုင်သည့်    အခြေအနေအဖြစ် ယူရေနီယမ်သန့်စင်မှု ပြုလုပ်နေဖွယ်ရှိသည်ဟု စိုးရိမ်ပူပန်မှုများ     ပေါ်ထွက်နေချိန်မှာပင် ထိပ်တန်းအဏုမြူသိပ္ပံ    ပညာရှင်လုပ်ကြံ သတ်ဖြတ်ခံရသည့်ဖြစ်ရပ်  ပေါ်ပေါက်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတထရမ့်သည် အီရန်၏ နာတန်အဏုမြူစက်ရုံနှင့်ပတ်သက်၍ တန်ပြန် အရေးယူဆောင်ရွက်နိုင်မည့် နည်းလမ်းများ မည်သို့ရှိသည်ကို သိရှိနိုင်ရန် သူ၏အကြံပေး ပုဂ္ဂိုလ်များအား မေးမြန်းခဲ့သည်ဟု ယခုလ အစောပိုင်းက နယူးယောက်တိုင်း(မ်)သတင်းစာ ၏    ရေးသားဖော်ပြချက်ရှိခဲ့ရာ   တစ်ချီ တစ်မောင်း အကဲစမ်းချက်လောဟု တွေးဆစရာ ဖြစ်ရပြန်၏။ 

အီရန်နိုင်ငံသည် အဆိုပါအဏုမြူစက်ရုံ ထိပါးခံရပါက တစ်ပြိုင်နက် တစ်ချက်တည်း ရန်သူကို စိစိညက်ညက်ကြေအောင် ချေမှုန်းပစ်မည်ဟု ကြုံးဝါးခဲ့သည်။

အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ရရှိခဲ့သော ၂၀၁၅ ခုနှစ် နျူကလီးယား  သဘောတူညီချက်မှ မိမိ၏နိုင်ငံ တစ်ဖက်သတ် နုတ်ထွက်လိုက်ပြီဟု သမ္မတထရမ့်က ၂၀၁၈ ခုနှစ် မေလအတွင်း ထုတ်ပြန်ကြေညာခဲ့ပြီး နောက် ယင်းနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှု များချမှတ်ခဲ့ပြီး   နှစ်နိုင်ငံအကြားတင်းမာမှု များဖြစ်ပေါ်ခဲ့ပြီး    သံတမန်ရေး နရီစည်းဝါး ပျက်ပြားခဲ့ရပြန်သည်။

လတ်တလောတွင် အီရန်နှင့် အမေရိကန်အကြား ထရမ့်၏ ရပ်တည်ချက်အနေအထားအရ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်တွင် အမေရိကန်ပြန်လည်ပါဝင်နိုင်ရေး  ဂျိုးဘိုင်ဒင်၏     မျှော်မှန်းချက်ခရီးဆက်ရန် နှောင့်နှေးကြန့်ကြာမှု ဖြစ်ရပြန်သေးသည်။

ထရမ့်အစိုးရအဖွဲ့က အီရန်နိုင်ငံအပေါ် အစွမ်းကုန်ဖိအားပေးရေး မူဝါဒကျင့်သုံးခြင်း သည်      အမေရိကန်အစိုးရအဖွဲ့ကိုယ်တိုင် “စီးပွားရေးအကြမ်းဖက်ဝါဒ”နှင့် “ကျန်းမာ ရေးအကြမ်းဖက်ဝါဒ” တို့ကို   ကျင့်သုံးရာ ရောက်ကြောင်း    အီရန်တာဝန်ရှိသူများက တစိုက်မတ်မတ် ပြောကြားခဲ့ကြပြီးဖြစ်၏။

အနောက်အုပ်စုထောက်လှမ်းရေးအသိုက် အဝန်းကမူ   ဖာခရီဇာဒက်သည်   အီရန်၏ အဏုမြူလက်နက်ပိုင်ဆိုင်ရေး တိတ်တဆိတ် ကြိုးပမ်းမှုများ၏          ဉာဏ်ကြီးရှင်အဖြစ် ရပ်တည်ခဲ့ကြောင်း ပြောဆိုကြပြန်သည်။

ကုလသမဂ္ဂ   အဏုမြူလေ့လာစောင့်ကြည့်ရေး  အဖွဲ့အစည်းနှင့်   အမေရိကန် ပြည်ထောင်စုရှိ ထောက်လှမ်းရေးဌာနများက ဖာခရီဇာဒက်၏        ကြီးကြပ်ကွပ်ကဲမှုဖြင့် အဏုမြူလက်နက်အစီအစဉ်တစ်ရပ်ကို ၂၀၀၃ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့သည်ဟု ထင်မြင်ယူဆကြသည်။

အဏုမြူစွမ်းအင်ကို    ငြိမ်းချမ်းသော ရည်ရွယ်ချက်အရ အသုံးပြုနိုင်ရန် ရည်ရွယ် သည်ဟု ကြွေးကြော်ကာ အဏုမြူဗုံးတစ်လုံး ထုတ်လုပ်နိုင်ရန် ယူရေနီယမ်သန့်စင်သည့် အစီအစဉ်ကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည် ဟု အနောက်နိုင်ငံများမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြပြီး  အီရန်က  အကြိမ်ကြိမ် အဖန်ဖန် ငြင်းဆန်ခဲ့ပြီးဖြစ်သည်။

ဖာခရီဇာဒက်သည်   ပစ်မှတ်တစ်ခုဖြစ် လာနိုင်ဖွယ်ရှိပုံကို       အစ္စရေးဝန်ကြီး ချုပ်ဟောင်း အီဟွတ်အိုးလ်မတ်က ၂၀၁၈ ခုနှစ်တွင်    လူတွေ့မေးမြန်းခန်းအတွင်း အရိပ်အမြွက် ပြောဆိုခဲ့သည်ဆို၏။

အီရန်နိုင်ငံသည်         အဏုမြူလက်နက် အစီအစဉ်တစ်ရပ်ကို         တိတ်တဆိတ် လုပ်ဆောင်ခဲ့ခြင်း   ရှိ၊ မရှိ    သိရှိနိုင်ရန် ဖာခရီဇာဒက်အား မေးမြန်းမှုများ ပြုလုပ် လိုသည်ဟု  နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ)က  ယခင်က ပြောဆိုခဲ့ဖူးသည်။

မြို့တော်   တီဟီရန်ရှိ    အီမန်ဟူစိန် တက္ကသိုလ်၌   ရူပဗေဒ  ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အီရန်တော်လှန် ရေး အစောင့်တပ်ဖွဲ့ဝင် ဗိုလ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖာခရီဇာဒက်သည် အီရန်နိုင်ငံ၏  ဝါအရင့်ဆုံး  အဏုမြူသိပ္ပံ ပညာရှင်ဖြစ်ပြီး       သူလုပ်ကြံခံရမှုနှင့် ပတ်သက်၍   ယခုအချိန်အထိ   သမ္မတ ထရမ့်က တစ်စုံတစ်ရာ ဝေဖန်ပြောကြား ခြင်း မရှိသေးချေ။

ဖာခရီဇာဒက် လုပ်ကြံသတ်ဖြတ်ခံရမှု သည်    ရာဇဝတ်ပြစ်မှုကြီးတစ်ခုဖြစ်ပြီး ပြစ်မှုကျူးလွန်သူများက ပေါ်ပေါက်လာ နိုင်ဖွယ်ရှိသော    အကျိုး၊ အပြစ်များကို ဝေဖန်ပိုင်းခြားခြင်းမရှိဘဲ ပြုမူရာရောက် သည်ဟု   အမေရိကန် ဗဟိုထောက်လှမ်း ရေးအေဂျင်စီ      ညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရီနန်က ပြစ်တင်ပြောကြားခဲ့သည်။

အမေရိကန်စစ်ဘက်က       အီရန် ဗိုလ်ချုပ်ကြီး ကာဆမ်း ဆိုလန်းမန်းနီအား မောင်းသူမဲ့လေယာဉ်တစ်စင်း အသုံးပြု၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် တစ်နှစ်ပင် မပြည့်သေးချိန်တွင်   ဖာခရီဇာဒက်   လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်းဖြစ်သည်။

တိုက်တွန်းနှိုးဆော်ခဲ့

ဖာခရီဇာဒက် လုပ်ကြံသတ်ဖြတ်ခံရမှု အတွက် ယခုအချိန်အထိ မည်သူတစ်ဦး တစ်ယောက်ကမျှ သူ၏လက်ချက်အဖြစ် ကြေညာခြင်းမရှိသော်လည်း နိုင်ငံတစ်နိုင်ငံ က အခြားနိုင်ငံတစ်နိုင်ငံအပေါ် အကြမ်း ဖက်တိုက်ခိုက်သည့်   ဖြစ်စဉ်ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက် ဇာရစ်ဖ်က  ပြောကြားခဲ့ပြီး  နိုင်ငံတကာ အသိုက်အဝန်း၊   အထူးသဖြင့်   ဥရောပ သမဂ္ဂ(အီးယူ)က ပြစ်တင်ရှုတ်ချရန် သူက တိုက်တွန်းနှိုးဆော်ခဲ့သည်။

ဖာခရီဇာဒက်  လုပ်ကြံခံရမှုအတွက် အစ္စရေးနိုင်ငံကို ပြစ်တင်ရှုတ်ချသူ အီရန်သမ္မတ   ဟာဆန်ရိုဟာနီက   သင့်တင့် လျောက်ပတ်ချိန်တွင် ကလဲ့စားချေ တိုက်ခိုက်မည်ဟု ကြုံးဝါးခဲ့သည်။

ပစ္စက္ခ   တင်းမာမှု၏    လားရာမှာ လက်စားချေရေး  သဘောတရားအတိုင်း ဖြစ်လာနိုင်သည်ဟု  ရှုမြင်ရပြီး တစ်ချိန်ချိန်တွင် အီရန်မည်သို့ တုံ့ပြန်လာမည်နည်းဟု ကမ္ဘာက စောင့်ကြည့်နေကြပေသည်။ အရှေ့အလယ်ပိုင်းဒေသတွင် တစ်ကျော့ပြန် တင်းမာမှုများ ဖြစ်လာနိုင်သည့် လက္ခဏာ များ ပြသလာချိန်တွင် ကမ္ဘာ့ခေါင်းဆောင်များက တင်းမာမှုဖြေလျှော့နိုင်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်လာကြလိမ့်မည်ဟု   ကျွန်ုပ် တွေးတော မိရင်း   “ဝုန်းဝုန်းဒိုင်းဒိုင်း      တင်းမာမှု ဂယက်လှိုင်း ရိုက်ခတ်ချိန်” ဟု ကျူးရင့်မိပါ သတည်း။   

Ref: News from  Middle East
(Aljazeera)