ဝူဟန်ရဲ့ ကိုရိုနာ ဘာတွေဖြစ်နေပြီလဲ

၂၃  ဇန်နဝါရီ

 

၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လူတွေအစုလိုက်အပြုံလိုက် အဆုတ်ရောင် ရောဂါတစ်မျိုး ဖြစ်ခဲ့ကြပါတယ်။ ဒီလူနာအများစုက ဝူဟန်မြို့မှာရှိတဲ့ သားငါးနှင့် ပင်လယ်စာ လက်ကားဈေးနှင့် ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့ သိရတဲ့အတွက် ၁ ရက်နေ့ကစပြီး ဈေးကို ပိတ်သိမ်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံမှာ ၁၆.၁.၂၀၂ နေ့အထိ ရောဂါဖြစ်ပွားသူ ၅၉ ယောက်တွေ့ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေး ကြည့်လိုက်တော့ ၄၁ ယောက်မှာ 2019 Novel Corona virus (နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်)ကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ထဲက ၂ ယောက်ကတော့ သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးသူတွေမှာလည်း နာတာရှည်ရောဂါအခံတွေ ရှိနေခဲ့ပါတယ်။ အခုလက်ရှိမှာတော့ လူ ၄၀ဝ ထက်မနည်းကူးစက်ခံနေရပြီး သေဆုံးသူ ၉ ယောက် ထိရှိသွားပါပြီ။ Virus က ဗီဇပြောင်းလဲပြီး ပိုပြန့်နိုင်ခြေရှိတယ်လို့လည်း ပြောထားပါတယ်။

 

ထိုင်းနိုင်ငံမှာတော့ ၁၃.၁.၂၀၂၀က ဝူဟန်မြို့ကလာတဲ့ တရုတ်အမျိုးသမီးမှာ သံသယဖြစ်ဖွယ် လက္ခဏာတွေ့ရတဲ့အတွက် စစ်ဆေးကြည့်လိုက်တော့ Novel Corona virus ပိုးတွေ့ရပါတယ်။ ၁၆.၁.၂၀၂၀ မှာလည်း ဝူဟန်ကနေ ဂျပန်နိုင်ငံကို ပြန်လာတဲ့ အမျိုးသားခရီးမှာ ရောဂါပိုး တွေ့ရတဲ့အတွက် ဂျပန်နိုင်ငံရဲ့ ပထမဆုံးလူနာအဖြစ် သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

တောင်ကိုရီးယားနဲ့ ထိုင်ဝမ်မှာလည်း virus ပိုးတွေ့ရပြီလို့ အတည်ပြုလိုက်ပါပြီ။ အမေရိကန်ကတော့ မနေ့ကပဲ (၂၁.၁.၂၀၂၀) ပထမဆုံးလူနာကို တွေ့ရှိရပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အခုလက်ရှိမှာတော့ တရုတ်အိမ်နီးချင်းနိုင်ငံတွေရဲ့ လေဆိပ်/ရေဆိပ်တွေမှာ ဝူဟန်မြို့က ပြန်လာတဲ့ ခရီးသည်တွေကို အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုတာ၊ဝူဟန်လေဆိပ်နဲ့ တိုက်ရိုက် လေကြောင်း ပျံသန်းနေတဲ့ အီးယူနိုင်ငံတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း လေဆိပ်/ရေဆိပ်နဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေ၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေမှာ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာကို စောင့်ကြည့်နေ ပါတယ်။

 

ဒါက ယခုလက်ရှိ နောက်ဆုံးပေါ်သတင်းတွေပါ။ မြန်မာနိုင်ငံအနေနဲ့ရော ဘာတွေပြင်ဆင် ထားသင့်သလဲ။ မကူးစက်အောင် ဘာတွေလုပ်နိုင်မလဲ ဆက်ကြည့်ရအောင်။

 

Corona virusရဲ့ လက္ခဏာတွေက ဘာလဲ

 

Corona virusက ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။ မျိုးစိတ်များစွာရှိပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး သာမန်အအေးမိတာ၊ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ သူတွေမှာတော့ အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်ပြီး အသက်အန္တရာယ်ရှိပါတယ်။

 

ဘယ်လိုကူးနိုင်လဲ

 

Corona virusက တိရစ္ဆာန်တွေမှာ အဓိကကူးစက်ပြန့်ပွားပြီး လူအချင်းချင်းကူးခဲပါတယ်။ ဥပမာပြောရရင် corona virus မျိုးကွဲတွေဖြစ်တဲ့ ဆားလ်ရောဂါဆိုရင် ကြောင်ကတိုးက ကူးစက်ခဲ့ပြီး မားစ်ရောဂါဆိုရင် ကုလားအုတ်က ကူးစက်ခဲ့ပါတယ်။ အခု 2019 Novel Corona virus ကလည်း ဓာတ်ခွဲစမ်းသပ်မှုအရ ဆားစ်တို့ မားစ်တို့နဲ့ မတူပေမယ့် တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြေ များစွာရှိပါတယ်။ ထူးခြားတာက လူလူချင်းကူးစက်တာကိုပါ တွေ့နေရပြီး ဘယ်လိုနည်းလမ်းနဲ့ ကူးစက်တာလဲဆိုတာတော့ မသိရသေးပါဘူး။

ကုလို့ရလား

 

အခုချိန်ထိ Novel corona virusအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး သက်သာအောင်ကုသမှုပဲ ပေးနိုင်ပါသေးတယ်။

 

ကာကွယ်လို့ရလား

 

ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းလမ်းတွေကတော့

 

          ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိတဲ့ သူတွေနဲ့ အနီးကပ်နေတာကို ရှောင်ပါ။

 

          လူထူတဲ့နေရာကို မသွားပါနဲ့။

 

          နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်လုံအောင် အဝတ်ဒါမှမဟုတ် နှာခေါင်းစည်း သုံးပါ။

 

          တိရစ္ဆာန်များနဲ့ အကာအကွယ်မရှိဘဲ တိုက်ရိုက်မထိတွေ့ပါနဲ့။

 

          မကြာခဏလက်ဆေးပါ။

 

          သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ရောဂါအခံရှိသူတွေ သတိထားပါ။

 

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်