ယနေ့တိုင် ထင်ရှားသမိုင်းဝင် ဆင်တံတား(ဆင်မင်းတံတား)

မန္တလေး ၂၃ နိုဝင်ဘာ

မန္တလေးမြို့သည် စိတ်ဝင်စားစရာ သမိုင်းဝင်နေရာများစွာ တည်ရှိသော မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်ပင် ဖြစ်သည်။ စေတီတစ်ဆူ၊ တံတားတစ်စင်းမှအစ ထူးခြားသော သမိုင်းနောက်ခံ ဇာတ်လမ်းများ ရှိနေသည်။ ထိုအထဲတွင် နိဗ္ဗာနပစ္စယ နာဂရာဇာ ဘွဲ့ခံ ဆင်ဖြူတော်၏ ကုသိုလ်တော် ဆင်တံတား (ဆင်မင်တံတား)လည်း ပါဝင်သည်။

ဆင်တံတားမှာ သမိုင်းဝင် အိမ်တော်ရာ ဘုရားအရှေ့ပေါက်မှ ၈၆ လမ်း တံတားထိပ် နေရာအထိဖြစ်ပြီး တံတားထိပ်နေရာတွင် ဆင်မင်းပုံတူ ဆင်ဖြူတော်ရုပ်ကြီး (၂)စီးကို ဆင်ထိန်း၊ ရွှေအင်ဒုံများသဏ္ဌာန် အုတ် အင်္ဂတေတို့ဖြင့် ခန့်ညားစွာ တည်ဆောက်ထားသည်ကို ယနေ့တိုင်မြင်တွေ့နိုင်သည်။

ဆင်မင်းတံတားဟု ခေါ်တွင်ရသည့်အကြောင်းမှာ ကောဇာသက္ကရာဇ် (၁၂၁၀)ပြည့်နှစ်  သမိုင်းဝင် အိမ်တော်ရာစေတီ တည်တော်မူပြီး (၁)နှစ်အကြာတွင် နိဗ္ဗာနပစ္စယ နာဂရာဇာ ဘွဲ့ခံ ဆဒ္ဒန်နွယ်ဝင် ဆင်ဖြူမင်းအား လက်ဖွဲ့ချီးမြှောက်ထားသော ရွှေငွေ ရတနာ၊ ကျောက်သံ ပတ္တမြားတို့ကို ငွေတော်အဖြစ် တန်ဖိုးသင့်လဲလှယ်ကာ မဟာလောကရံသီ အိမ်တော်ရာစေတီ၏ အရှေ့စောင်းတန်း အရှေ့ဘက်မှ စတင်၍ ရွှေတစ်ချောင်းမြောင်းအထိ တံတားခင်းကာ လှူဒါန်းထားသည့်အတွက် ဆင်တံတား(ဆင်မင်းတံတား)ဟု ခေါ်တွင်ခြင်းဖြစ်သည်။

ဆင်မင်းကို အမရပူရမြို့တည်နန်းတည် ကုန်ဘောင်မင်းဆက် (၆)ဆက်မြောက် ပဒုံမင်း (ခေါ်) ဘိုးတော်ဘုရားလက်ထက် ကောဇာသက္ကရာဇ် (၁၁၆၈)ခုနှစ်က သိမ်းယူထားခြင်း ဖြစ်သည်။ ဟံသာဝတီမြို့တောင်ဘက် နိဗ္ဗာန်ရွာအရှေ့၊ ကွင်းသာယာအရပ်မှ ဆင်ရံခြွေရွှေပေါက်မ တစ်ထောင်ကျော် ခြံရံလျက် ကိုယ်လုံးဗိုင်းဝါဂွမ်းကဲ့သို့ ဖြူစင်နူးညံ့အဆင်းရှိသည့် ဆဒ္ဒန်ဆင်မင်းအစစ်အဖြစ် သိမ်းယူထားခြင်းဖြစ်သည်။ ဆင်မင်းကို ဆောင်ယူခြင်း၊ ချီးမြှောက်ခြင်း၊ ဘွဲ့တပ်ခြင်း၊ လက်ဖွဲ့တော်မူခြင်းများကို ခမ်းနားစွာ ပြုလုပ်ခဲ့သည်။ လက်ရှိကာလတွင် သမိုင်းဝင် မဟာလောကရံသီ အိမ်တော်ရာစေတီမြတ်ကြီး အရှေ့စောင်းတန်းမှ စတင်ကာ ဆင်တံတားကို ဖြောင့်တန်းသော လမ်းအဖြစ် သွားလာနိုင်ပြီး ဆင်တံတားထိပ်နေရာ ၈၆ လမ်းအနီးတွင် သမိုင်းဝင် ဆင်ဖြူတော်ရုပ်တုနှစ်ခုကို ယနေ့တိုင် ကြည့်ရှုလေ့လာနိုင်သည်။

တိမ်တမန်