ယဉ်ကျေးမှု ရေချိန်မြှင့်တင်

၁၉  နိုဝင်ဘာ

ယဉ်ကျေးပျူငှာအမူအရာများက နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ကိုယ်စီရှိကြသည်။ ယင်းသည် လောကဝတ်လည်းဖြစ်၍ လူ့အဖွဲ့အစည်းတစ်ရပ်၏ ယဉ်ကျေးမှုရေချိန်လည်းဖြစ်သည်။ ထို့အပြင် ခေတ်ကာလအလိုက်၊ အခြေအနေအချိန်အခါအလိုက်ပြောင်းလဲ ရှင်သန်နေတတ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ရပ်လည်း ဖြစ်သည်။

မြန်မာ့လူ့အဖွဲ့အစည်းသည် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များကြွယ်ဝသည့်လူ့အဖွဲ့အစည်းဖြစ်သည်။ လောကဝတ်ကို အလေးအနက်ထားသည့်၊ ယဉ်ကျေးသိမ်မွေ့သည့် လူ့အဖွဲ့အစည်းလည်းဖြစ်သည်။ ရှေးခေတ်ဘုန်းတော်ကြီးသင် ပညာရေး စနစ်တွင် အရေး၊ အဖတ်၊ အတွက်အချက်တို့ကိုသာမက လောကအရေး၊ ဓမ္မအရေး၊ ကိုယ်ကျင့်သီလနှင့် စာရိတ္တမြင့်မားရေးတို့ကိုပါ လေ့ကျင့်သင်ကြားကြရသည်။ စာသင်သားဘ၀ဖြင့် ကျောင်းအိပ်ကျောင်းစား နေထိုင်ကြရသည့်အခါတွင် မည်သို့နေ၊ မည်သို့ထိုင်၊ မည်သို့စား၊ မည်သို့ပြော၊ မည်သို့ပြောဆိုဆက်ဆံ စသည်တို့အပြင် ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး၊ အကျင့်သီလစာရိတ္တတို့ ကောင်းမွန်စွာ စောင့်ထိန်းနိုင်ရေးတို့အတွက် အကြီးအကဲစာသင်စာချပုဂ္ဂိုလ်၊ ဆရာတော်။ သံဃာတော်တို့၏ သွန်သင်ဆုံးမဩဝါဒတို့ကို ခံယူကြရသည်။ "ရင်ဝယ်ဖြစ်၊ မွေးသည့်သားကို၊ မယ်ဖွားမိခင်၊ ဆုံးမသင်သို့၊ အကြင်ဆရာ၊ ထိုသူငါကို၊ လိမ္မာစေကြောင်း၊ ကောင်းပါစေလို၊ ဆိုပါသမျှ၊ ဩဝါဒကို..."ဆိုသည့်အတိုင်း အိမ်နေအမိအဖတို့ကဲ့သို့ပင် ကျောင်းနေဆရာသမားတို့ကပါ လိမ္မာယဉ်ကျေး၊ လူကောင်းလူမွန် လူရည်ချွန်ဖြစ်ရေး သွန်သင်ပေးခဲ့ကြသည့်အတွက် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်သိက္ခာပိုင်းမှာ မြင့်မားခဲ့ကြသည်။

ယဉ်ကျေးမူရာ လောကဝတ်တို့၏သဘောမှာ ခေတ်ကာလ အခြေအနေအချိန်အခါအလိုက် ပြောင်းလဲတတ်သည့် သဘောရှိသည်ဟု ဆိုစေကာမူ အနှစ်သဘောအရမူပြောင်းလဲခြင်းမရှိဟု ဆိုရမည်။ ဥပမာအားဖြင့် -“ရဟန်းသံဃာ၊ အရိယာအပေါင်း၊ သူတော်ကောင်းတို့ အပေါင်းစည်းဝေး၊ ပြောရေးဆိုတမ်း၊ ပွဲလမ်းကြုံ၊ အသွားအလာ၊ လှူဒါန်းခါလည်း လက်ယာဘက်က၊ အလက်ကို၊ တစ်ဖက်ချလျက်၊ ကပ်ထံအပါး၊ ဝပ်လျှိုးသွား၍၊ ကျောင်းသားပီထွေ၊ ယဉ်ကျေးစေ” ဟူသည့် ရှေးကဆုံးမစာသည် ယခုခေတ်ကာလတွင် အများနှင့် တွေ့ဆုံပြောဆိုကြရသည့် အစည်းအဝေး၊ ပွဲလမ်းသဘင်များ၌ အဝတ်အဆင်၊ အပြောအဆို၊ အနေအထိုင်တို့ ပိရိသပ်ရပ်ယဉ်ကျေးချက်ချာစေဖို့ဆိုသည့် လောက၀တ်တို့ဆက်လက်လိုအပ်နေဆဲပင်ဖြစ်ရာ အနှစ်သာရ သဘောအားဖြင့် တည်တံ့နေဆဲပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း တိုးတက်ပြောင်းလဲလာသည့် ခေတ်ကာလ လူ့ပတ်ဝန်းကျင် အခြေအနေများနှင့် လိုက်လျောညီထွေသည့် လောကဝတ် (Etiquette) များကိုလည်း တိုးချဲ့ပြုမူကျင့်သုံးကြဖို့ လိုအပ်မည် ဖြစ်သည်။ အမိအဖတို့က အိမ်မှသွန်သင်၊ ဆရာသမားတို့က ကျောင်းမှ သွန်သင်ခဲ့ကြသည့်အစဉ်အလာထုံးဓလေ့ကို မပျောက်မပျက် ဆက်လက်ကျင့်သုံးကြရမည်ဖြစ်သည်။

အထူးသဖြင့် အများပြည်သူသုံး ယာဉ်ရထားများ၊ အများပြည်သူဝင်ထွက်သွားလာသည့် နေရာများ၊ အများနှင့်ဆိုင်သည့် နေရာတွင် နေထိုင်သွားလာမှု၊ အမှိုက်သရိုက်နှင့် အညစ်အကြေးများ စွန့်ပစ်မှု၊ ကိုယ်ချင်းစာနာဖေးမမှု၊ မိမိ၏အပြုအမူက အများအပေါ်အနှောင့်အယှက်မဖြစ်စေရန်၊ မထိခိုက်စေရန် စောင့်ထိန်းမှု၊ စည်းစနစ်တကျနေထိုင်သွားလာမှု၊ တိုက်တွန်းညွှန်ကြားချက်များအပေါ် အလေးဂရုပြုမှု စသည်တို့ အပါအဝင်ယဉ်ကျေးမူရာ လောကဝတ်တို့ မြန်မာ့လူ့အဖွဲ့ အစည်းတွင် ထိန်းသိမ်းမြှင့်တင်ပေးရန် လိုအပ်ချက်တို့ ရှိနေပြီဟု စောကြောမိသည်။ “နားလည်စေကြောင်း၊ သို့ကျင့်ကောင်းစွာ၊ သောင်းပြောင်းနှံစပ်၊ သည်တိုင်းမှတ်” ဟူ၍ ကျောင်းနေအရွယ် ငယ်ဘ၀ကပင်လျှင် အိမ်မှာ၊ ကျောင်းမှာ၊ မိဘဆရာတို့က “ပညာရကြောင်း၊ ဉာဏ်နှင့်လောင်း၍ ရုံးပေါင်းဆင်ခြင်၊ ဆုံးမသင်" ကာ ယဉ်ကျေးမှုလောကဝတ် ဂုဏ်ဒြပ်တို့ကို မြှင့်တင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း