ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့်သို့ နာမည်ကြီး အင်္ဂလန်နှင့် ခရိုအေးရှားအသင်းတို့ တက်ရောက်နိုင်ခဲ့

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲပွဲစဉ် (၃) အဖြစ် အုပ်စု (D) မှ ခရိုအေးရှား နှင့် ဆွစ်ဇာလန်၊ ချက်နှင့် အင်္ဂလန်အသင်းတို့ပွဲစဉ်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ခရိုအေးရှားနှင့် အင်္ဂလန်အသင်းတို့ အနိုင်ရရှိခဲ့သည်။

ခရိုအေးရှားနှင့် ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်တွင် ခရိုအေးရှားအသင်းက ဗလာဆစ်၊ မိုဒရစ်၊ ပါရီဆစ်တို့၏ သွင်းဂိုးများနှင့်အတူ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ချက်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြား ချက်ဖြင့် အုပ်စုဒုတိယရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထို့ပြင် ခရိုအေးရှားအသင်း အနေဖြင့် စကော့တလန်အသင်းကို နိုင်ပွဲရရှိမှုသည် အသင်းသမိုင်းတစ်လျှောက် ခြောက်ကြိမ် တွေ့ဆုံမှုတွင် ပထမဆုံးအကြိမ် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်တွင် ခရိုအေးရှား အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သော ပါရီဆစ်သည် ပြီးခဲ့သည့် ယူရိုပြိုင်ပွဲ ခြောက်ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု ခြောက်ကြိမ်ရှိခဲ့ပြီး လေးဂိုးသွင်းယူကာ နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ အသင်းအတွက် တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့သော မိုဒရစ်သည် ယူရိုပြိုင်ပွဲ၌ ခရိုအေးရှား အသင်းအတွက် ၃၅ နှစ်နှင့် ၂၈၆ရက်ဖြင့် အသက်အကြီးဆုံး ဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့အပြင် မိုဒရစ်သည် ၂၀၀၈ ခုနှစ်တွင် ခရိုအေးရှားက ဩစတြီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သော ပွဲစဉ်၌ ပယ်နယ်တီမှ တစ်ဆင့် ဂိုးသွင်းယူပေးခဲ့ပြီး ယူရိုပြိုင်ပွဲ၌ ခရိုအေးရှားအသင်းအတွက် အသက်ငယ်ဆုံး ဂိုးသွင်းယူသူ အဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်သည်။

ချက်နှင့် အင်္ဂလန်အသင်းတို့ ပွဲစဉ်တွင် အင်္ဂလန်အသင်းက ပွဲချိန် ၁၂ မိနစ်တွင် ရရှိခဲ့သော စလင်း၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ခုနစ်မှတ်နှင့်အတူ အုပ်စုပထမရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ထို့အပြင် အင်္ဂလန်အသင်းသည် အဆိုပါသုံးပွဲတွင် ပေးဂိုးခွင့်ပြုပေးထားရခြင်းမရှိသော်လည်း ရဂိုးက စတားလင်း၏ သွင်းဂိုး နှစ်ဂိုးသာ ရှိသေးသည်။ အင်္ဂလန်အသင်းသည် ယနေ့ ချက်အသင်းနှင့် ပွဲစဉ်တွင် အသင်းလိုက် စွမ်းဆောင်ရည်ပိုင်း၊ စုဖွဲ့မှုပိုင်းတွင် ယခင်ပွဲစဉ်များထက် တိုးတက်ကောင်းမွန်လာသည်ဟု ဆိုနိုင်ပေသည်။ ချက်အသင်းသည် ယနေ့တွင် အင်္ဂလန်အသင်းကိုရှုံးနိမ့်ခဲ့သော်လည်း သုံးပွဲကစားတစ်ပွဲ နိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် လေးမှတ်ရရှိကာ အကောင်းဆုံးအုပ်စု တတိယဖြင့် ယူရိုပြိုင်ပွဲ နောက်တစ်ဆင့်သို့ တက်ရောက်ရန် မျှော်လင့်ချက်ရှိနေသေးသည်။ ယနေ့ပွဲစဉ်တွင် အင်္ဂလန်အသင်း အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့်စတားလင်းသည် ယူရိုပြိုင်ပွဲတွင် ရရှိခဲ့ သည့် အဖွင့်ဂိုးနှစ်ဂိုး ဆက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ် အလန်းရှီးယား နောက်ပိုင်း တစ်ကျော့ပြန်စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယူရိုပြိုင်ပွဲတွင် ၁၆ သင်းအဆင့်သို့ အင်္ဂလန်နှင့် ခရိုအေးရှား အသင်းတို့ အပါအဝင် နာမည်ကြီး အီတလီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဝေးလ်၊ ဒိန်းမတ်၊ ဩစတြီးယားအသင်းတို့ တက်ရောက်ထားနိုင်သည်။ အဆိုပါ ၁၆ သင်းအဆင့် ပွဲစဉ်များကို ဇွန် ၂၆ ရက်တွင် စတင်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

အောင်ဇော်