၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနား နေပြည်တော်တွင်ကျင်းပ

နေပြည်တော် ၄ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၄) ရက်တွင် ကျရောက်သည့် (၉၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့  အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက         ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives for Climate Action- ဂေဟစနစ်များ မပျက်စီးဖို့ သမဝါယမများ ဆောင်ရွက်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သမဝါယမအသင်းအဖွဲ့ အနေဖြင့် အသင်းသား၊ အသင်းဝင်းအချင်းချင်း၊ အသင်းအချင်းချင်း ပူးပေါင်း၍ ရာသီဥတု ကောင်းမွန်စေရန် ဝိုင်းဝန်းဆောင်ရွက်ရေး အလေးထားရန် ရည်ရွယ်ထားပြီး ယင်းရည်ရွယ်ချက်သည် ကောင်းမွန်မျှတပြီး ပိုမိုစည်းလုံး ညီညွတ်သော စီးပွားရေး တည်ဆောက်ရာတွင် မိမိတို့ သမဝါယမအဖွဲ့ အစည်းများနှင့် အတူတကွ စည်းရုံးပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးက တိုက်တွန်းနှိုးဆော်ထားပါကြောင်း။

 

ယနေ့ကမ္ဘာကြီးတွင် လူသားများသည် အစားအစာငတ်မွတ်ခေါင်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေးဆိုးများကျရောက်မှု၊ ရောဂါဆိုးဖြစ်ပွားမှု စသည့် များစွာသော ဘေးအန္တာရာယ်များကိုလည်း ရင်ဆိုင်နေကြရပါကြောင်း။ ယင်းသို့ မညီမျှမှုများ၊ ပဋိပက္ခစိန်ခေါ်မှုများကို လျော့ပါးသက်သာစေရန် သမဝါယမအသင်းအဖွဲ့များမှလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမှုဝါဒ (၂၀၁၇-၂၀၃၀) ကို ချမှတ်ပြီး သဘာဝဘေးလျော့ပါးရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တတ်စွမ်းသမျှ လုပ်ဆောင်နေပါကြောင်း၊ သမဝါယမဦးစီးဌာနသည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ အသင်းသား ပြည်သူ ၄ ဒသမ ၂ သန်းခန့် ပါဝင်သည့် သမဝါယမအသင်းပေါင်း ၃၉၉၂၉ သင်းကို ဖွဲ့စည်းထားရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် သမဝါယမ အသင်းသားများအတွက် ပံ့ပိုးချေးငွေလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာများအား Hire Purchase စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်လုပ်ငန်း၊ လယ်ယာဝန်ဆောင်မှုလုပ်ငန်း၊ သွင်းအားစုပံ့ပိုးထောက်ပံ့ခြင်းလုပ်ငန်း၊ မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း၊ အသင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမ စံနမှုနာပြ မြို့နယ်များ ဖြစ်ပေါ်လာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ်တွင် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရန် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း - NFASP Project အမည်နှင့် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အနက်မှ အမေရိကန်ဒေါ်လာ ၃၅ သန်းနှင့် လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းကဏ္ဍသုံးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံလျက်ရှိပါကြောင်း။

 

ကမ္ဘာနိုင်ငံများတွင် သမဝါယမလုပ်ငန်းများသည် အောင်မြင်ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးတွင် အထောက်အကူပြုပေးလျက် ရှိနေသည်ကို တွေ့မြင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍများတွင် သမဝါယမအသင်းများအနေဖြင့် ယခုလက်ရှိအနေအထားထက် ပိုမိုထဲထဲဝင်ဝင် လုပ်ဆောင်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုသမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကပေးပို့သည့် သဝဏ်လွှာအား ဗဟိုသမဝါယမ အသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ဖတ်ကြားသည်။

 

ယင်းနောက် (၉၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် သမဝါယမ လှုပ်ရှားဆောင်ရွက်မှုများကို Video Clip ဖြင့် ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးရန်လင်းနှင့် ဒေါက်တာစိန်မြအေး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်စံပယ်ထွေး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး သမဝါယမတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမဦးစီးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

သတင်းစဉ်