၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၃၃) ရှောင်ကြဉ်ရမည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ

မောင်စာဂ
 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ယနေ့ဆို လျှင် ၈၆ ရက်သာလိုပါတော့သည်။ နိုင်ငံရေးပါတီများက ပါတီစည်းရုံးရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင် ရွက်နေကြသည်။ နောက်မကြာမီ လွှတ်တော်ကိုယ်စားလှယ် လောင်းများ အတည်ပြုကြေညာပြီးနောက် မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများ ဆောင်ရွက်ကြရပါမည်။ မဲဆန္ဒရှင်ပြည်သူ များကလည်း မိမိတို့နှစ်သက်ရာပါတီအနိုင်ရရှိရေး ရေးကြ ပြောကြ၊ ဟောပြောကြ စည်းရုံးကြပါမည်။


ဥပဒေနှင့်အညီ လွတ်လပ်စွာရေးသားပြောဆို ဟောပြောစည်းရုံးခွင့်ရှိကြပါသည်။ သို့ရာတွင် သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များကို အလေးထားကြရပါမည်။ အထူးသဖြင့် လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ အခန်း ၁၃ တွင် ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များအကြောင်းကို ပြဋ္ဌာန်း ထားသည်။ ယင်းတို့ကို နားလည်သိရှိစေရန် လိုအပ်သည်။ အနှစ်ချုပ်၍ မျှဝေပါရစေ။


ရွေးကောက်ပွဲပြစ်မှုကျူးလွန်ရာရောက်ခြင်း


အောက်ဖော်ပြပါ တားမြစ်ချက်တစ်ရပ်ရပ်ကို မပြုမိ ဖို့ ရှောင်ကြဉ်ကြရန်လိုအပ်ပါသည် -
- ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မကျင့်သုံးနိုင်စေရန်အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျား ခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း မပြုရပါ။


- ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရေးအတွက်ဖြစ်စေ၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုန့်ပြန်သည့်အနေနှင့် ဖြစ်စေ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်နေရာပြောင်းရွေ့မှု သို့မဟုတ် အခြား အခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေး ခြင်း သို့မဟုတ် လာဘ်ယူခြင်းမပြုရပါ။


- ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးကို သို့မဟုတ် မဲဆန္ဒရှင်တစ်ဦးဦး ကို ခြိမ်းခြောက်ခြင်းမပြုရပါ။


- လူမျိုးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်း ပြု၍ ဆန္ဒမဲပေးရန် သို့မဟုတ် ဆန္ဒမဲမပေးရန် ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း၊ ဆန္ဒမဲ ပေးခြင်းပျက်ပြားစေရန် သို့မဟုတ် ရွေးကောက်ပွဲ ပျက်ပြားစေရန် စည်းရုံးဟောပြောခြင်း၊ လှုံ့ဆော် ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံး ပြုခြင်း၊ အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း မပြုရပါ။


- ဆန္ဒမဲပေးခြင်းပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာ များအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်း မပြုရပါ။


- ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ထုတ်ပြန်ထားသောစာရင်း၊ အကြောင်းကြားစာ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ မဲစာရင်း၊ ဆန္ဒမဲလက်မှတ်၊ ကြိုတင်ဆန္ဒမဲလက်မှတ်၊ စာအိတ် သို့မဟုတ် အထုပ်တို့ကို တမင်ဖျက်ဆီးခြင်း၊ ရေးသွင်းထားသည်တို့ကို ဖတ်ရှုမရအောင် ပြုလုပ် ခြင်း မပြုရပါ။


- မဲစာရင်းကိုသော်လည်းကောင်း၊ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကိုသော်လည်း ကောင်း၊ ယင်းတို့ကိုပေးပို့ရာတွင် အသုံးပြုသော စာအိတ် သို့မဟုတ် အထုပ်ကိုသော်လည်းကောင်း တမင်ကြံရွယ်ချက်ဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် ယင်းတို့တွင် ရေးသွင်းထားချက်များကို ဖတ်ရှု၍ မရစေရန် ပြုလုပ်ခြင်းမပြုရပါ။


- ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ် ကို မသမာသောနည်းဖြင့် အခြားသူတစ်ဦးအား ပေးခြင်းမပြုရပါ။


- ဆန္ဒမဲလက်မှတ်မှအပ အခြားပစ္စည်းတစ်ခုခုကို မဲပုံးအတွင်းသို့ ထည့်သွင်းခြင်းမပြုရပါ။


- ဆန္ဒမဲလက်မှတ်ကို မသမာသောနည်းဖြင့်အခြား သူတို့အားပေးခြင်း၊ ဆန္ဒမဲလက်မှတ်မှအပ အခြား ပစ္စည်းတစ်ခုခုကို သို့မဟုတ် မဲလက်မှတ်အတုကို မဲပုံးအတွင်းသို့ထည့်သွင်းခြင်းမပြုရပါ။ အသုံးပြုဆဲ ဖြစ်သောမဲပုံးကို အခွင့်အာဏာမရှိဘဲ ဖွင့်လှစ်ခြင်း၊ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ် ကို ဖျက်ဆီးခြင်းမပြုရပါ။


- လွှတ်တော်မဲဆန္ဒနယ်တစ်နယ်ထက်ပို၍ ဆန္ဒမဲပေး ခြင်း၊ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသော လွှတ်တော် မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပို၍ဆန္ဒမဲပေး ခြင်း၊ သူတစ်ပါးအယောင်ဆောင် ဆန္ဒမဲပေးခြင်း မပြုရပါ။ ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံအတွင်း ဝင်ခွင့်မရှိဘဲဝင်ခြင်း၊ အတုပြုလုပ်ထားသော ဆန္ဒမဲ လက်မှတ်ကို တစ်ခုခုကိုဖြစ်စေ၊ အများကိုဖြစ်စေ မဲပုံးအတွင်းသို့ထည့်ခြင်း၊ မဲဆန္ဒရှင်တစ်ဦးဦးအား ဆန္ဒမဲပေးခြင်းမပြုနိုင်စေရန် နှောင့်ယှက်ခြင်း မပြုရပါ။


- ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးဦးအား ဆန္ဒမဲပေးခြင်း မပြုနိုင်စေ ရန် နှောင့်ယှက်ခြင်း သို့မဟုတ် နှောင့်ယှက်ရန် အားပေးကူညီခြင်း မပြုရပါ။


- ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံမှကိုက် ၅၀၀ အတွင်း၌ဖြစ်စေ မဲဆွယ် ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အတွက် ဆန္ဒမဲပေးရန် တောင်းဆိုခြင်း သို့မဟုတ် မပေးရန်တိုက်တွန်းခြင်း၊ သွေးဆောင်ခြင်း မပြုရ ပါ။


- မဲရုံအတွင်း၌ဖြစ်စေ၊ ကိုက် ၅၀၀ အတွင်း၌ဖြစ်စေ အသံချဲ့စက်အစရှိသည့်အသံကို ကျယ်စေသည့် ကိရိယာတန်ဆာပလာများသုံးစွဲခြင်းနှင့် အော်ဟစ် ခြင်း၊ စည်းကမ်းမဲ့သည့်အပြုအမူများ ပြုလုပ်ခြင်း မပြုရပါ။


- မဲရုံတွင် ဆန္ဒမဲပေးရန် သတ်မှတ်ထားသော အချိန် နာရီအတွင်း မဲရုံ၌မဖွယ်မရာသောအမှုကိုပြုခြင်း၊ မဲရုံမှူးက တာဝန်ဝတ္တရားအရ ပေးသည့်အမိန့်ကို မနာခံခြင်း မပြုရပါ။


ကျူးလွန်ခြင်း၏အကျိုးသက်ရောက်မှု

အထက်ဖော်ပြပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ရွေးကောက်ပွဲပြစ်မှုကို ကျူးလွန်ရာရောက်မည်။ ဖောက်ဖျက်ကျူးလွန်သူ မည်သူ ကိုမဆို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကိုဖြစ်စေ ချမှတ်ခြင်းခံရမည်။


ရဲစခန်းတွင်တိုက်ရိုက်တိုင်တန်းခွင့်ရှိခြင်း
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားသည်။ တိုင်ကြား လိုသူသည် သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်၍ တိုင်ကြားနိုင်မည်။ မဲဆန္ဒရှင်တစ်ဦးကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ရွေးကောက်ပွဲကိုယ်စား လှယ်ကဖြစ်စေ၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် တစ်ဦးဦးကဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်တန်းနိုင်ခွင့် ရှိသည်။ ရွေးကောက်ပွဲမကျင်းပမီဖြစ်စေ၊ ရွေးကောက်ပွဲ ကျင်းပနေစဉ်ဖြစ်စေ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့မှစ၍ (၁၅) ရက်အတွင်းဖြစ်စေ ဥပဒေနှင့်အညီ တိုင်တန်းနိုင်ခွင့်ရှိ သည်။


လိမ်လည်၍တိုင်တန်းခြင်း
ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတစ်ရပ်ရပ်ကို လိမ်လည် စွပ်စွဲပြီး တိုင်ကြားခဲ့လျှင် ထိုတိုင်ကြားသူအား သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခြင်းခံ ရမည်။


ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး
ရွေးကောက်ပွဲဆိုင်ရာပြစ်မှုကိုကျူးလွန်ခြင်းသည် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အနှောင့်အယှက်၊ အဖျက်အမှောင့်များ၊ ရွေးကောက်ပွဲ၏ အန္တရာယ်များဖြစ်သည်။ ဖော်ပြပါတားမြစ်ချက်များကို ပြုကျင့်ပါက ကျူးလွန်သူကာယကံရှင် ပြစ်ဒဏ်ချမှတ်ခံ ရနိုင်ခြင်း၊ သက်ဆိုင်ရာကိုယ်စားလှယ်လောင်း ထိခိုက် နစ်နာနိုင်ခြင်းတို့သာမက မဲဆန္ဒရှင်ပြည်သူများ အေးချမ်း သာယာစွာ ဆန္ဒမဲပေးနိုင်ရေးကိုလည်း ထိပါးရာရောက် သည်။


သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း များ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ တာဝန်ရှိသူများအားလုံးက အဆိုပါရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို သိရှိထားခြင်းဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် များ ချောမွေ့အောင်မြင်စေရန် သတိပြုဆောင်ရွက်နိုင်ကြ မည်။ ယင်းသို့သော အနှောင့်အယှက်၊ အဖျက်အမှောင့်များ မဖြစ်ပေါ်ရအောင် သတိပြုဆင်ခြင် ဟန့်တားနိုင်မည်။ ကြိုတင်စောင့်ကြည့်တားဆီးကာကွယ်နိုင်မည်။ ပေါ်ပေါက် လာပါကလည်း ဥပဒေနှင့်အညီ တိုင်ကြားအရေးယူဆောင် ရွက်နိုင်မည်။


အမှန်စင်စစ်မူ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ သည် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်သည်မဟုတ်။ ရွေးကောက်ပွဲကိုစီစဉ်ကျင်းပသည့် ရွေးကောက်ပွဲတာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မဲရုံကိုယ်စား လှယ်၊ အကူကိုယ်စားလှယ်များအားလုံးတို့နှင့်လည်း သက်ဆိုင်သည်။ ဤသည်တို့ကို သိရှိနားလည်ကြရန် လိုအပ်သည်။ ရှောင်သင့်သည်တို့ကိုရှောင်၍ ဆောင်သင့် သည်တို့ကို ဆောင်ကြရမည်။


ရွေးကောက်ပွဲတစ်ခုတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခြင်းမှကင်းစင်ခဲ့လျှင်၊ မဲဆန္ဒရှင် များအားလုံး အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ကြလျှင် အောင်မြင်သော ရွေးကောက်ပွဲ၊ လွတ်လပ်သော ရွေးကောက်ပွဲ၊ တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်ပြောဆိုကြရမည်သာ။


- ရွေးကောက်ပွဲနှင့်သက်ဆိုင်သူအားလုံး ဥပဒေ နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ကြပါစေ၊


- မဲဆန္ဒရှင်ပြည်သူများကိုယ်စိတ်နှစ်ပါးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ကြပါစေ၊


- လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ များအောင်မြင်စွာကျင်းပနိုင်ကြပါစေ။