၂၀၂၀ ပြည့်နှစ်၊ ဇွန်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

နေပြည်တော် ၂၈ မေ

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ

 

၁။ အနောက်တောင်မုတ်သုံလေသည် ဇွန်လ (၁ - ၅)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့လည်းကောင်း၊ ဇွန်လ (၆ - ၁၀)ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။

 

မိုးအခြေအနေနှင့် မိုးရွာရက်

 

၂။ မိုးရွာသွန်းမှုအခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

၃။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန