၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၄၅ သိန်း သုံးသောင်းကျော်ရှိ

မန္တလေး ၄ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းမှာ ၄၅ သိန်း သုံးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၅၄၀၀ ကျော် ဖွင့်လှစ်ရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန်လမှစ၍ မဲစာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်ကာ စီမံချက်များချမှတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဲစာရင်းများ မှန်ကန်တိကျစေရေးအတွက်လည်း လူဦးရေအဝင်အထွက်စာရင်းပေါ် မူတည်၍ လစဉ် အတိုးအလျော့ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ၎င်းစာရင်းများအရ မန္တလေးတိုင်းဒေသကြီးအတွင်း၌ မဲရုံပေါင်း ၅၄၄၂ ရုံ ဖွင့်လှစ်ထားရှိရန် လျာထားကြောင်း သိရသည်။

 

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီးမှာ မဲပေးပိုင်ခွင့်ရှိတဲ့  မဲဆန္ဒရှင်စာရင်းက လက်ရှိ ဇွန်လကုန်အထိ ကောက်ယူထားတဲ့စာရင်းအရ ၄၅ သိန်း သုံးသောင်းကျော် ရှိနေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုတဲ့အချိန်မှာ ဒီမဲစာရင်းတွေကို မြို့နယ် ရပ်ကွက်အလိုက် ၁၄ ရက် နှစ်ကြိမ် ကြေညာပေးသွားမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေမှာ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးချင်လည်း ရပါတယ်ဆိုပြီး ပြဋ္ဌာန်းထားပေမယ့် ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ရမယ့် ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေက မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ပေးနိုင်ရင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး အတွင်း၌ လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၈ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၅၆ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းမှာ ၄၄ သိန်းကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ၃၂ သိန်းကျော် မဲပေးရွေးချယ်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)