၂၀၂၀ ပြည့်နှစ်၊ ဝင်ငွေခွန်ဥပဒေကြမ်း

ယမန်နေ့မှ အဆက်
(၂) ပုဂ္ဂိုလ်တစ်ဦးနှင့် စပ်လျဉ်း၍ “သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအသုံးစရိတ်” ဆိုသည်မှာ သိပ္ပံ သို့မဟုတ် နည်းပညာနယ်ပယ်တစ်ရပ်တွင် စမ်းသပ်ခြင်း သို့မဟုတ် ပိုင်းခြားသုံးသပ်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်သည့် စနစ်တကျ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် သုတေသနပြုလုပ်ခြင်းကို ဆိုသည်။ ယင်း စကားရပ်တွင် ယင်းပုဂ္ဂိုလ်၏လုပ်ငန်းကို တိုးတက် ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် သုတေသနဆောင်ရွက် ပေးရန် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း တစ်ခုသို့ ပေးချေသည့် အသုံးစရိတ်များလည်း ပါဝင် သည်။ သို့ရာတွင် အောက်ပါအသုံးစရိတ်များ ပါဝင်ခြင်း မရှိစေရ −
(ကက) တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဒြပ်မဲ့ ရရန်ပိုင်ခွင့်တစ်ခုကို ရယူရာ၌ ကျခံသည့် အသုံးစရိတ်၊
( ခခ ) မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရယူရာ၌ ကျခံသည့် အသုံးစရိတ်၊
( ဂဂ ) သဘာဝသယံဇာတ သိုက်တစ်ခု၏ တည်ရှိမှု၊ တည်နေရာ၊ ပမာဏ၊ သို့မဟုတ် အရည် အသွေးကို အတိအကျသိရှိနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းအတွက် ကျခံသည့် အသုံး စရိတ်။
(၃) “သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့အစည်း” ဆိုသည်မှာ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနကို ဆောင်ရွက်သည့် အသင်းအဖွဲ့၊ အဖွဲ့အစည်း၊ ကောလိပ်၊ သို့မဟုတ် တက္ကသိုလ်တစ်ခုကို ဆိုသည်။
အခွန်အရှုံးများ
၂၅။ (က) ဤပုဒ်မအရ ခွင့်ပြုသည့် နုတ်ပယ်မှုမှအပ အခွန်နှစ်တစ်နှစ် အတွက် လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးအား ခွင့်ပြုသည့် စုစုပေါင်း နုတ်ပယ်မှု ငွေကြေး ပမာဏသည် ထိုနှစ်အတွက် ယင်းပုဂ္ဂိုလ်၏ ယင်းလုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ စည်းကြပ်ထိုက်သောဝင်ငွေ စုစုပေါင်းထက် ကျော်လွန်နေလျှင် ယင်းကျော်လွန်သည့် ငွေကြေးပမာဏသည် အဆိုပါနှစ်အတွက် ထိုပုဂ္ဂိုလ်၏ ယင်း လုပ်ငန်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမှ အသားတင်အရှုံးဖြစ်သည်။
(ခ) ဤဥပဒေနှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ် တစ်နှစ်အတွက် လုပ်ငန်းမှ အသားတင်အရှုံးပေါ်ပေါက်လျှင် ယင်းအသားတင်အရှုံးပမာဏကို ယင်းနှစ်အတွင်း အောက်ပါ အစီအစဉ်အတိုင်း နုတ်ပယ်နိုင်သည် −
(၁) ပထမဦးစွာ ထိုနှစ်အတွက် အခြားမည်သည့်လုပ်ငန်းမှ မဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ်ထိုက် သော ဝင်ငွေမှမဆို၊
(၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံ မှုမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ် ထိုက်သော ဝင်ငွေမှမဆိုနှင့်
(၃) တတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ အခြေပစ္စည်းမှ မြတ်စွန်းခွန် ပေးဆောင်ရန် တစ်နည်းအားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန် ကျသင့်သော ရရန်ပိုင်ခွင့်တစ်ခုကို ထုခွဲရောင်းချခြင်း မှ ပေါ်ပေါက်လာသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့် အမြတ်အစွန်းမှမဆို။
(ဂ) ပုဒ်မခွဲ (ခ) အရ အသားတင်အရှုံးကို အပြည့်အဝနုတ်ပယ်နိုင်ခြင်း မရှိပါက နုတ်ပယ်ခြင်းမရှိသည့် ငွေကြေးပမာဏကို ယင်း ပုဂ္ဂိုလ်က တစ်ဆက်တည်းဖြစ်သည့် လာမည့်အခွန်နှစ်သို့ ဆက်လက်သယ်ဆောင်နိုင်ပြီး ယင်းနှစ်တွင် အောက်ပါ အစီအစဉ်အတိုင်း နုတ်ပယ်နိုင်သည် −
(၁) ပထမဦးစွာ ထိုနှစ်အတွက် မည်သည့်လုပ်ငန်းမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ်ထိုက်သော ဝင်ငွေမှမဆို၊
(၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံ မှုမှမဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ် ထိုက်သော ဝင်ငွေမှမဆိုနှင့်
(၃) တတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ အခြေပစ္စည်းမှ မြတ်စွန်းခွန်ပေးဆောင်ရန် တစ်နည်းအားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန်ကျသင့် သော ရရန်ပိုင်ခွင့်တစ်ခုကို ထုခွဲရောင်းချခြင်းမှ ပေါ်ပေါက် လာသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်အမြတ်အစွန်းမှမဆို၊
စသည်ဖြင့် အထက်ပါအစီအစဉ်အတိုင်း အသားတင်အရှုံးကို အပြည့်အဝနုတ်ယူပြီးသည်အထိ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် အသားတင်အရှုံးကို ယင်းအသားတင်အရှုံးပေါ်ပေါက်သည့် အခွန်နှစ်ကုန်ဆုံးပြီးနောက် အခွန်နှစ် ငါးနှစ်ထက် ပိုမို၍ ဆက်လက်သယ်ဆောင်နိုင်ခြင်း မရှိစေရ။
(ဃ) ဤဥပဒေနှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးသည် အခွန်နှစ် တစ်နှစ်အတွက် ရင်းနှီးမြှုပ်နှံမှုမှ အသားတင်အရှုံး ပေါ်ပေါက်ခဲ့ လျှင် ယင်းအသားတင်အရှုံးပမာဏကို ယင်းနှစ်အတွင်း အောက်ပါအစီအစဉ်အတိုင်း နုတ်ပယ်နိုင်သည် −
(၁) ပထမဦးစွာ ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ်ထိုက်သော ဝင်ငွေမှမဆိုနှင့်
(၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ အခြေပစ္စည်းမှ မြတ်စွန်းခွန် ပေးဆောင်ရန် တစ်နည်း အားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန် ကျသင့်သော ရရန်ပိုင်ခွင့်တစ်ခုကို ထုခွဲရောင်းချခြင်းမှ ပေါ်ပေါက်သည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်အမြတ်အစွန်းမှမဆို။
(င) ပုဒ်မခွဲ (ဃ) အရ အသားတင်အရှုံးကို အပြည့်အဝ နုတ်ပယ် နိုင်ခြင်း မရှိပါက နုတ်ပယ်ခြင်းမရှိသည့် ငွေကြေးပမာဏကို ထိုပုဂ္ဂိုလ်က တစ်ဆက်တည်းဖြစ်သည့် လာမည့် အခွန်နှစ်သို့ ဆက်လက်သယ်ဆောင်နိုင်ပြီး ယင်းနှစ်တွင် အောက်ပါအစီ အစဉ်အတိုင်း နုတ်ပယ်နိုင်သည် −
(၁) ပထမဦးစွာ ထိုနှစ်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မဆို ရရှိသည့် ယင်းပုဂ္ဂိုလ်၏ မည်သည့်စည်းကြပ်ထိုက်သော ဝင်ငွေမှ မဆိုနှင့်
(၂) ဒုတိယအနေဖြင့် ထိုနှစ်အတွက် ပုဒ်မ ၁၃ (က)အရ အခြေ ပစ္စည်းမှ မြတ်စွန်းခွန် ပေးဆောင်ရန် တစ်နည်းအားဖြင့် တာဝန်ရှိမည်ဖြစ်သည့် အခွန်ကျသင့်သော ရရန်ပိုင်ခွင့် တစ်ခုကို ထုခွဲရောင်းချခြင်းမှ ပေါ်ပေါက်သည့် ယင်းပုဂ္ဂိုလ် ၏ မည်သည့်အမြတ်အစွန်းမှမဆို၊
စသည်ဖြင့် အထက်ပါအစီအစဉ်အတိုင်း အသားတင်အရှုံးကို အပြည့်အဝ နုတ်ယူပြီးသည်အထိ ဆောင်ရွက်ရန်ဖြစ်သည်။ သို့ရာတွင် အသားတင်အရှုံးကို ယင်း အသားတင်အရှုံး ပေါ်ပေါက် သည့် အခွန်နှစ်ကုန်ဆုံးပြီးနောက် အခွန်နှစ် ငါးနှစ်ထက် ပိုမို၍ ဆက်လက်သယ်ဆောင်နိုင်ခြင်း မရှိစေရ။
(စ) ပုဂ္ဂိုလ်တစ်ဦးသည် ဤပုဒ်မအရ အခွန်နှစ် တစ်နှစ်ထက် ပိုမိုသော အသားတင်အရှုံးကို သယ်ဆောင်နုတ်ပယ်လျှင် အစောဆုံးနှစ်၏ အသားတင်အရှုံးကို ဦးစွာနုတ်ပယ်ရမည်။
(ဆ) ပုဒ်မခွဲ (ခ) မှ ပုဒ်မခွဲ(င) အထိတွင် မည်သို့ပင်ဆိုစေကာမူ ပုဂ္ဂိုလ် တစ်ဦးသည် အရှုံးပေါ်ပေါက်ပြီး ယင်းအရှုံးကို အမြတ်ဟု ယူဆ မည်ဆိုပါက -
(၁) လျှော့ချထားသည့်နှုန်းဖြင့် အခွန်ကောက်ခံမည်ဖြစ်လျှင် ယင်းသို့ လျှော့ချထားသည့် နှုန်းဖြင့် သို့မဟုတ် ယင်းထက် ပိုမိုလျှော့ချထားသည့်နှုန်းဖြင့် အခွန်စည်းကြပ်သည့် ဝင်ငွေ ကို တွက်ချက်ရာ၌သာ၊ သို့မဟုတ် ကင်းလွတ်ခွင့်ပြု ထားသည့် ဝင်ငွေကိုတွက်ချက်ရာ၌သာ အဆိုပါအရှုံးကို နုတ်ပယ်ရမည်၊ သို့မဟုတ်
(၂) အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်လျှင် ကင်းလွတ်ခွင့်ပြု ထားသည့်ဝင်ငွေကို တွက်ချက်ရာ၌သာ ယင်းအရှုံးကို နုတ်ပယ်ရမည်။
အပိုင်း (၄)
တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ ဒြပ်မဲ့ရရန်ပိုင်ခွင့်များအား တန်ဖိုးလျော့ခြင်း
တန်ဖိုးလျော့ခြင်းဆိုင်ရာ အခြေခံမူများ
၂၆။ (က) ဤပုဒ်မနှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦး၏ လုပ်ငန်းရှိ တန်ဖိုး လျော့နိုင်သော ရရန်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ ဒြပ်မဲ့ရရန် ပိုင်ခွင့်များသည် အခွန်နှစ်တစ်နှစ်အတွင်း ယင်းလုပ်ငန်း၏ စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် အသုံးပြုဆောင်ရွက်ခြင်း ကြောင့် တန်ဖိုးကျဆင်းသွားလျှင် ယင်းပုဂ္ဂိုလ်အား ယင်းအခွန်နှစ် အတွက် ထိုငွေကြေးပမာဏကို နုတ်ပယ်ခွင့်ပြုသည်။
(ခ) ပုဒ်မခွဲ (ဃ)နှင့် မဆန့်ကျင်စေဘဲ ပုဂ္ဂိုလ်တစ်ဦးသည် ပုဒ်မခွဲ (က) အရ ခွင့်ပြုထားသည့် တန်ဖိုးလျော့ခြင်းအတွက် နုတ်ပယ်နိုင် သည့်ပမာဏကို ပုဒ်မ ၂၇ အရ မျဉ်းဖြောင့် စနစ်(straight-line method) ဖြင့် ဖြစ်စေ၊ ပုဒ်မ ၂၈ အရ လက်ကျန် တဖြည်းဖြည်း လျော့ကျသည့်စနစ် (diminishing value method) ဖြင့်ဖြစ်စေ သတ်မှတ်နိုင်ပြီး ယင်းသို့ဆောင်ရွက်ရာတွင် ထိုပုဂ္ဂိုလ်သည် ယင်း၏ ဘဏ္ဍာရေးဆိုင်ရာ စာရင်းများတွင် တန်ဖိုးလျော့ခြင်း ဆိုင်ရာ စနစ်တစ်မျိုးတည်းကိုသာ အသုံးပြုခဲ့ရမည်။
(ဂ) ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်များကို ပိုင်ဆိုင်သည့် ကာလတစ်လျှောက်လုံးတွင် ယင်းတို့အတွက် တစ်မျိုးတည်းသော တန်ဖိုးလျော့ခြင်းစနစ်ကို အသုံးပြုရမည်။
(ဃ) လုပ်ငန်းဆိုင်ရာ ဒြပ်မဲ့ ရရန်ပိုင်ခွင့်များကို မျဉ်းဖြောင့်စနစ် (straight-line method) ဖြင့်သာ တန်ဖိုးလျော့နိုင်သည်။
(င) ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့်တစ်ခု သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဒြပ်မဲ့ရရန်ပိုင်ခွင့်တစ်ခုကို အခွန် နှစ်တစ်နှစ်အတွင်း လုပ်ငန်းတစ်ခုမှ စည်းကြပ်ထိုက်သော ဝင်ငွေရရှိစေရန် တစ်စိတ်တစ်ပိုင်း အသုံးပြုပြီး အခြားကိစ္စ အတွက် တစ်စိတ်တစ်ပိုင်း အသုံးပြုလျှင် ပုဒ်မခွဲ (က) အရ နုတ်ပယ်ခွင့်ပြုသည့် ငွေကြေးပမာဏသည် ပုဒ်မ ၂၇ သို့မဟုတ် ၂၈ အရ တွက်ချက်ရရှိသည့် ငွေကြေးပမာဏအနက်မှ ယင်းလုပ်ငန်း၏ စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် ဆောင်ရွက်ခြင်းနှင့် ဆက်စပ်နေသည့် အချိုးကျပမာဏ ဖြစ်သည်။
(စ) ပုဂ္ဂိုလ်တစ်ဦးသည် လုပ်ငန်းတစ်ခုမှ စည်းကြပ်ထိုက်သော ဝင်ငွေရရှိစေရန် ဆောင်ရွက်ရာ၌ တန်ဖိုးလျော့နိုင်သည့် ရရန် ပိုင်ခွင့်တစ်ခုကို အခွန်နှစ် တစ်နှစ်လုံးအတွက် အသုံးမပြုလျှင် ယင်းနှစ်အတွက် တန်ဖိုးလျော့ခြင်းဆိုင်ရာ နုတ်ပယ်ခွင့်ပြုသည့် ပမာဏကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ရမည်−

ယင်းပုံသေနည်းတွင် −
A သည် ပုဒ်မခွဲ (င) ကို ထည့်သွင်းစဉ်းစားလျက် ပုဒ်မ ၂၇ သို့မဟုတ် ၂၈ အရ တွက်ချက်ထားသည့် တန်ဖိုးလျော့ခြင်းဆိုင်ရာ နုတ်ပယ်ခွင့်ပြုသည့်ပမာဏဖြစ်သည်။
B သည် လုပ်ငန်းတစ်ရပ်မှ ဝင်ငွေရရှိအောင် ဆောင်ရွက်ရာ၌ ယင်းအခွန်နှစ် အတွင်း ရရန်ပိုင်ခွင့်ကို အသုံးပြုသည့် ရက်အရေအတွက်ဖြစ်သည်။
C သည် ယင်းအခွန်နှစ်အတွင်းရှိ ရက်အရေအတွက်ဖြစ်သည်။
မျဉ်းဖြောင့်စနစ်ဖြင့် တန်ဖိုးလျှော့ခြင်း (Straight-line depreciation)
၂၇။ (က) ပုဒ်မ ၂၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ(စ) တို့နှင့် မဆန့်ကျင်စေဘဲ တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဒြပ်မဲ့ရရန်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးအား အခွန်နှစ် တစ်နှစ်အတွက် နုတ်ပယ်ခွင့်ပြုသည့်ပမာဏကို မျဉ်းဖြောင့် စနစ် (straight-line method)အရ တွက်ချက်ရာတွင် ရရန်ပိုင်ခွင့်၏ ကုန်ကျစရိတ်ကို ဇယား(၄)တွင် သတ်မှတ်ထား သည့် နှုန်းဖြင့် မြှောက်ရမည်။
(ခ) လက်ရှိအခွန်နှစ်နှင့် ယခင်အခွန်နှစ်များ အားလုံးအတွက် ဤပုဒ်မက သက်ရောက်သည့် တန်ဖိုးလျော့နိုင်သော ရရန် ပိုင်ခွင့် သို့မဟုတ် လုပ်ငန်းဆိုင်ရာ ဒြပ်မဲ့ ရရန်ပိုင်ခွင့် တစ်ခု နှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးအား နုတ်ပယ်ခွင့်ပြုသည့် စုစုပေါင်းပမာဏ သို့မဟုတ် ပုဒ်မ ၂၆၊ ပုဒ်မခွဲ (င) ကို ကျင့်သုံး ခြင်းမပြုပါက ခွင့်ပြုမည်ဖြစ်သော စုစုပေါင်းပမာဏသည် ယင်းရရန်ပိုင်ခွင့်၏ ကုန်ကျစရိတ်ထက် မကျော်လွန်စေရ။
လက်ကျန်တဖြည်းဖြည်းလျော့ကျသည့်စနစ်ဖြင့် တန်ဖိုးလျှော့ခြင်း
(Diminishing value depreciation)
၂၈။ (က) ပုဒ်မ ၂၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ(စ) တို့နှင့် မဆန့်ကျင်စေဘဲ တန်ဖိုးလျော့နိုင်သည့် ရရန်ပိုင်ခွင့်တစ်ခုနှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ် တစ်ဦးအား အခွန်နှစ် တစ်နှစ်အတွက် နုတ်ပယ်ခွင့်ပြုသည့် ပမာဏကို လက်ကျန်တဖြည်းဖြည်း လျော့ကျသည့်စနစ် (Diminishing value method) အရ တွက်ချက်ရာတွင် ယင်းနှစ်အစတွင်ရှိသည့် ရရန်ပိုင်ခွင့်၏ စာရင်းအရ လက်ကျန် တန်ဖိုးကို ဇယား (၄) တွင် သတ်မှတ်ထားသည့် နှုန်းဖြင့် မြှောက်ရမည်။
(ခ) ဤပုဒ်မအရ အခွန်နှစ်တစ်နှစ် ကုန်ဆုံးချိန်တွင် တန်ဖိုး လျှော့လိုက်သည့် တန်ဖိုးလျော့နိုင်သော ရရန်ပိုင်ခွင့်တစ်ခု၏ စာရင်းအရလက်ကျန်တန်ဖိုးသည် ကျပ် ၅ သိန်းအောက် လျော့နည်းပါက −
(၁) ရရန်ပိုင်ခွင့်၏ စာရင်းအရ လက်ကျန်တန်ဖိုး၏ တန်ဖိုး လျှော့ခြင်း မပြုရသေးသည့် ငွေကြေးပမာဏကို ယင်းနှစ်အတွက် တန်ဖိုးလျော့ခြင်းဆိုင်ရာ နုတ်ပယ် ခွင့်ပြုသည့် ပမာဏတွင် ပေါင်းထည့်ရမည်။ သို့ရာတွင် ယင်းရရန် ပိုင်ခွင့်ကို ယင်းလုပ်ငန်းမှ စည်းကြပ်ထိုက် သော ဝင်ငွေရရှိရန် ဆောင်ရွက်ရာ၌ အသုံးပြုခဲ့ သည့် အတိုင်းအတာအထိသာ ပေါင်းထည့်ရမည်။ ထို့ပြင်
(၂) ယင်းရရန်ပိုင်ခွင့်ကို အပြည့်အဝ တန်ဖိုးလျှော့ပြီးဖြစ် သည်ဟု မှတ်ယူရမည်။
(ဆက်လက်ဖော်ပြပါမည်)