၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ ရွှေ့ဆိုင်းခြင်း ရှိ မရှိ အတည်ပြုမည့်ရက် နောက်ဆုတ်

ရန်ကုန်   ဇွန်   ၂၄

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည့် ၂၀၂၁ ခုနှစ် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရွှေ့ဆိုင်းခြင်း ရှိ မရှိ အတည်ပြုမည့်ရက်ကို နောက်ဆုတ်လိုက်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သည့် အွန်လိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့ပြီး ဗီယက်နမ် အိုလံပစ်ကော်မတီနှင့် အရှေ့တောင်အာရှနိုင်ငံများမှ တာဝန်ရှိသူများ၊ ဆီးဂိမ်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ ပါဝင်ဆွေးနွေးခဲ့သည်။ ယခင်က ယင်းအစည်းအဝေးတွင် ဆီးဂိမ်းပြိုင်ပွဲရွှေ့ဆိုင်းခြင်း ရှိ မရှိ အတည်ပြုရန် စီစဉ်ထားသော်လည်း ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ဘဲ နှစ်ပတ်အကြာ ဇူလိုင် ၈ ရက်တွင် ထပ်မံ ပြုလုပ်မည့် အစည်းအဝေးမှသာ အတည်ပြုထုတ်ပြန်နိုင်မည်ဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်၍ ဗီယက်နမ်အစိုးရအဖွဲ့ တာဝန်ရှိသူများထံ တင်ပြထားပြီး ခွင့်ပြုချက် ပေးမည့်အပေါ်မူတည်၍ ပြိုင်ပွဲ ရွှေ့ဆိုင်းခြင်း ရှိ မရှိ ဆုံးဖြတ်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုနှုန်း သိသိသာသာ မြင့်တက်လာသော ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းရန် အဆိုပြုထားခြင်း ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်သို့ ရွှေ့ဆိုင်းဖြစ်ပါက ဇူလိုင်တွင် ပြန်လည်ကျင်းပရန် လျာထားခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး အားကစားနည်း ၄၀ ထည့်သွင်းကျင်းပမည်ဖြစ်ကာ ရွှေတံဆိပ် စုစုပေါင်း ၅၀၀ ကျော် ချီးမြှင့်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၀၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ပြီး ၁၈ နှစ်အကြာတွင် ဒုတိယအကြိမ် ကျင်းပခွင့်ရထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားနည်း ၁၈ မျိုး၌ ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ရဲရင့်လွင်