၂၀၂၁ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကျင်းပမည့်ကာလ လျာထား

ရန်ကုန် ၃ ဒီဇင်ဘာ

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၁ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဧပြီမှ စက်တင်ဘာအတွင်း ကျင်းပရန် လျာထားကြောင်း သိရသည်။

လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကျင်းပခြင်းအပါအဝင် ပြည်တွင်းလိဂ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနေရှင်နယ်လိဂ် ကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌများဖြစ်သည့် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ MNL နှင့် MNL-2 ကလပ်အသင်း ပိုင်ရှင်များနှင့် ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ၂၀၂၁ ရာသီကို ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အစောဆုံး ဧပြီမှသာစတင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အသင်းဖျက်သိမ်းမှုများလည်း ရှိနေသောကြောင့် MNL အမှတ်ပေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း အရေအတွက်ပါ လျော့ကျသွားဖွယ်ရှိနေသည်။ ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ကျင်းပနေသည့်ကာလတွင် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်း ပြိုင်ပွဲပြီးဆုံးချိန်တွင် မကွေးအသင်းတို့ ဖျက်သိမ်းသွားသလို လက်ရှိကာလတွင်လည်း အသင်းအချို့ ဖျက်သိမ်းရန် စီစဉ်နေသောကြောင့် မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ၂၀၂၁ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအရေအတွက်၊ ပြိုင်ပွဲကျင်းပမည့် ပုံစံတို့ကို ဇန်နဝါရီလဆန်းပိုင်းတွင် ထပ်မံပြုလုပ်မည့် လိဂ်ကော်မတီ အစည်းအဝေးမှသာ ထုတ်ပြန်မည်ဖြစ်သည်။ ထို့ပြင် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကျင်းပမည့်ပုံစံကိုလည်း ဆွေးနွေးခဲ့ပြီး လာမည့်ရာသီတွင် လူငယ်လိဂ်ကိုမူ ယူ-၂၁ ပြိုင်ပွဲတစ်ခုသာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ရာသီတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲအများစု ဖျက်သိမ်းခဲ့ရပြီး MNL အမှတ်ပေးပြိုင်ပွဲကိုသာ ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့သည်။ MNL အမှတ်ပေးပြိုင်ပွဲကို ကပ်ရောဂါကြောင့် မတ် ၂၄ ရက်မှ စတင်ရပ်နားခဲ့ရပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း သြဂုတ် ၂၂ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ပြန်လည်ကျင်းပခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF