(၂၁)ကြိမ်​မြောက် ဂျပန်စကား​ပြောပြိုင်ပွဲ၏ ထူးချွန်ဆုရရှိသူများကို​ ကြေညာ

နေပြည်တော်  ၂၅  နိုဝင်ဘာ

 

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်​ဖောင်​ဒေးရှင်း (ယဥ်​ကျေးမှုစင်တာ)ရန်ကုန်နှင့် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်​ဟောင်းအသင်း (MAJA)တို့ ပူး​ပေါင်းကျင်းပသည့် (၂၁) ကြိမ်​မြောက် ဂျပန်စကား​ပြောပြိုင်ပွဲ၌ ထူးချွန်ဆုရရှိသူများကို ယနေ့ ထုတ်ပြန်ကြေညာ လိုက်သည်။

 

(၂၁)ကြိမ်​မြောက် ဂျပန်စကား​ပြောပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်​တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲကို ဂျပန်လူမျိုးများအသင်း၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ဂျပန်-မြန်မာအသင်းနှင့် ဂျပန် ပြည်ပစီးပွာ​ရေးလုပ်ငန်းရှင်များ အသင်းတို့ကလည်း ပံ့ပိုး ကူညီခဲ့ကြသည်။

 

ဂျပန်စကား​ပြောပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှ ဂျပန်စာစိတ်ဝင်စားသူ အများအပြားက ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပဏာမ​ရွေးချယ်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် (၁၅)ဦး ကျန်ရှိပြီး စကား​ပြောပြိုင်ပွဲ​ နောက်ဆုံးအဆင့်ကို Online မှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။  ပြိုင်ပွဲဝင်များကို အကဲဖြတ်ဒိုင်လူကြီးများက တင်းကျပ်​သော အမှတ်​ပေးစည်းမျဉ်းများ အတိုင်း အကဲဖြတ်အမှတ်​ပေးခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲတွင် ပထဆုကို “ဂျူဒိုလက်​ရွေးစင်ကျွန်မနှင့် ဂျပန်စာ၏အားသာချက်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မခင်မေကြူက ရရှိခဲ့သည်။ ဒုတိယဆုကို “အားလုံး ကို ပျော်ရွှင်​စေလို​​သော ကျွန်မ၏ဆန္ဒ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့်  မတင်နီလာဝင်း ကလည်းကောင်း၊ တတိယဆုကို “ဂျပန်ပညာ​တော်သင်သွားခြင်းမှ ရခဲ့​သောအကျိုး​ကျေးဇူး” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မနှင်းအိမ့်ဝေက လည်းကောင်း၊ ဇွဲဆုနှစ်ဆုကို “ယုံကြည်မှုကိုကိုင်​ဆောင်ပြီးအသစ်အသစ်သောအရာများ ကို ကြိုးစားကြည့်ကြပါစို့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မဆုဝတီနှင့် “ဥပ​ဒေ​ကျောင်းသူတစ်​ယောက်၏ အ​တွေး” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် မရွှန်းလဲ့ရည်အောင် တို့က လည်းကောင်း ရရှိခဲ့ကြသည်။

 

(၂၁)ကြိမ်​​မြောက် ဂျပန်စကား​ပြောပြိုင်ပွဲ ကျင်းပခဲ့ပုံကို ကြီးမှူးကျင်းပ​သော အဖွဲ့အစည်းများ၏ Facebook နှင့် Youtube များမှ မြန်မာစာတန်းထိုးဖြင့် ထုတ်လွှင့် သွားမည်ဖြစ်ကြောင်းနှင့် ထုတ်လွှင့်မည့်ရက်ကို အဖွဲ့အစည်းများ၏ Facebook မှ ထပ်မံ​​ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)