(၂၁)ကြိမ်မြောက် ဂရန်းဆလမ်းဆုဖလား ရရှိမယ့်အခွင့်အရေး ဂျိုကိုဗစ် လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးဟု  ပြိုင်ပွဲစီစဉ်သူ  ပြောကြား

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ လာမယ့် ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဆုဖလားရရှိခဲ့မယ်ဆိုရင် (၂၁)ကြိမ်မြောက် ဂရန်းဆလမ်းဆုဖလားရရှိမှာဖြစ်တာကြောင့် အဲဒီ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ ဩစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲစီစဉ်သူ ဂရေ့ တီလေက ပြောကြားခဲ့ပါတယ်။

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ရော်ဂျာဖက်ဒဲရာ၊ ရာဖေးလ်နာဒယ် တို့နဲ့အတူ လက်ရှိအချိန်မှာ ဂရန်းဆလမ်း ဆုဖလားကို အကြိမ်(၂၀)အထိ ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဂျိုကိုဗစ် ဟာ ဩစတြေးလျအိုးပင်းတင်းနှစ်ပြိုင်ပွဲမှာ ကိုးကြိမ်အထိ ဗိုလ်စွဲထားပြီး အခုတစ်ကြိမ်ရရှိမယ်ဆိုရင် ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ (၁၀)ကြိမ်မြောက် ဗိုလ်စွဲမှာဖြစ်သလို (၂၁)ကြိမ်မြောက် ဂရန်းဆလမ်းဆုဖလားရရှိသူလည်း ဖြစ်လာမှာဖြစ်ပါတယ်။

ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို မဲလ်ဘုန်းမြို့မှာ ဇန်နဝါရီ ၁၇ ရက်ကနေ ၃၀ ရက်အထိ ကျင်းပ သွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ကစားသမားတွေကို ပါဝင် ယှဉ်ပြိုင်ခွင့် ပြုမှာမဟုတ်ဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဂျိုကိုဗစ်ဟာ အဲဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မသေချာသေးဘူးလို့ ပြီးခဲ့တဲ့လအတွင်းက ပြောကြားခဲ့ပေမယ့် ပြိုင်ပွဲစီစဉ်သူ ဂရေ့တီလေကတော့ ဂရန်းဆလမ်းဆုဖလားထပ်မံရရှိမယ့်အခွင့်အရေးကို ဂျိုကိုဗစ်အနေနဲ့ လက်လွှတ်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်