(၂၃) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် ၂၃  ဇွန်

 

“၂၃ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးအဆင့် အစည်းအဝေး” ကို ယနေ့မွန်းလွဲ  ၁ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

mdn

 

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့် အရာရှိ ဒေါက်တာဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗီယက်နမ်နိုင်ငံ၏ “Cohesive and Responsive- ပေါင်းစည်းညီညွတ်မှုနှင့် တုံ့ပြန်နိုင်မှု” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံ  လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ဦးစားပေးကဏ္ဍများ၊ ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်အတွက် ဦးစားပေးဆောင်ရွက်မည့် နယ်ပယ်များ၊ ၃၆ ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ကြီးများက အတည်ပြုရန်နှင့် မှတ်တမ်းတင်နိုင်ရန် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီမှ တင်သွင်းမည့် မှတ်တမ်း (Document) ၂ ခုဖြစ်သည့် “ASEAN Declaration on Human Resources Development for the Changing World of Work” နှင့် “Terms of Reference of the ASEAN TVET Council”၊ အာဆီယံ  လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ အခြေပြမြေပုံ ၂၀၂၅ (ASCC Blueprint 2025) နှစ်လယ်အစီရင်ခံစာ ရေးသားပြုစုရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားအဆင့် နှစ်လယ်အစီရင်ခံစာရေးသား ပြုစုရေးအဖွဲ့များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်ရှိ ဆက်စပ်ဝန်ကြီးဌာနများက လတ်တလောဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များ၊ နောင်လာမည့် ၅ နှစ်တွင် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းအစီအစဉ်များ၊ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ အပေါ် အာဆီယံဒေသတွင်း တုံ့ပြန်ဆောင်ရွက်နေမှုများ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ် ကဏ္ဍများနှင့် ဆက်စပ်မဏ္ဍိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ ဝင်နိုင်ငံအဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ အာဆီယံမှ မေးမြန်းထားသည့် မေးခွန်းလွှာများအပေါ် သက်ဆိုင်ရာနိုင်ငံ၏ ပြန်လည်ဖြေကြားချက်များ၊ တီမောလက်စ်တေနိုင်ငံသို့ အချက်အလက်များ စုဆောင်းရှာဖွေရေးအဖွဲ့ (Facts Finding Mission) စေလွှတ်ရန် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ထိုင်းနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ASCC Blueprint 2025 နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ SDGs အကြား ဆက်စပ်မှုရှိသည့်ကဏ္ဍများအား ဆက်လက်မြှင့်တင်ဆောင်ရွက် နိုင်ရေး ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်သို့ တွဲဖက်အရာရှိများ စေလွှတ်ခန့်ထားနိုင်ရေးကိစ္စတွင် မြန်မာနိုင်ငံမှ အာဆီယံ  လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အတွက် တွဲဖက်အရာရှိ ၁ ဦးအား စေလွှတ်ပြီးဖြစ်ပါကြောင်းနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများကလည်း တွဲဖက်အရာရှိစေလွှတ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးမတိုင်မီ ကြိုတင်ညှိနှိုင်းအစည်းအဝေးဖြစ်သည့် (၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(28th SOCA Meeting) ကို ဇွန် ၂၂ ရက်၊ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိ ဒေါက်တာ ဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) နှင့် ကိုယ်စားလှယ်များက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)