(၂၆)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး (26th ALLM) နှင့်ပတ်သက်သည့် အကြိုညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

 

အင်ဒိုနီးရှားနိုင်ငံက အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်များတွင် Video Conferencing  စနစ်ဖြင့် ကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံအလုပ်သမားရေးရာ အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပမည့် (၂၆)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ+ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများနှင့် စပ်လျဉ်းသည့် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အာဆီယံအဆင်မြင့် အလုပ်သမား အရာရှိကြီးများ၊ အာဆီယံအလုပ်သမားအရာရှိကြီးများ အစည်းအဝေးနှင့် အာဆီယံ+ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများသည် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ချမှတ်ခဲ့သည့် လုပ်ငန်းလမ်းညွှန်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျင်းပခြင်း ဖြစ်ပါကြောင်း။

 

အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး၌ အာဆီယံအလုပ်သမားဝန်ကြီးများ လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ နှင့် ဆက်စပ်လုပ်ငန်းအစီအစဉ်များကို အာဆီယံအလုပ်သမား အရာရှိကြီးများအစည်းအဝေး၏ သဘောတူညီချက်ဖြင့် အာဆီယံအလုပ်သမား ဝန်ကြီးများ အစည်းအဝေးသို့ တင်ပြအတည်ပြုသွားရန် ရှိပါကြောင်း၊ အာဆီယံအလုပ်သမား ဝန်ကြီးများက အတည်ပြုကြောင်း တရားဝင်စာဖြင့် ပေးပို့ထားပြီးသော အလုပ်သမားရေးရာဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များနှင့် လမ်းပြမြေပုံတို့ကို ထပ်မံအတည်ပြုသွားမည် ဖြစ်ပါကြောင်း။

 

အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ Video Conferencing  စနစ်ဖြင့် ကျင်းပမည့် အစည်းအဝေးအစီအစဉ်များတွင် သက်ဆိုင်ရာဦးစီးဌာနအလိုက် ထိထိရောက်ရောက် ပါဝင်ဆွေးနွေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်း၍ လိုအပ်သည်များ ပြင်ဆင်ထားရန်၊ ပါဝင်တက်ရောက်မည့် ကိုယ်စားလှယ်များက အချက်အလက်များနှင့် လိုအပ်သည်များ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန်နှင့် internet နှင့် လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရေး စီစဉ်ထားရန်၊ ယခင် အစည်းအဝေးများ၌ ဆွေးနွေးချက်များ ယခုအစည်းအဝေး၌ အတည်ပြုချမှတ်မည့် အချက်အလက်များနှင့် ပတ်သက်၍လိုအပ်သည်များ ကြိုတင်လေ့လာ  ပြင်ဆင်ထားနိုင်ရေး ညွှန်ကြားခဲ့ပြီး (၂၆)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးကျင်းပရခြင်း၏ အဓိကရည်မှန်းချက်ဖြစ်သည့် အနာဂတ် အလုပ်အကိုင်အတွက် အာဆီယံအလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် သွက်လက်မှုမြှင့်တင်ရေးနှင့်ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်များ အနေဖြင့် လေ့လာပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

မိမိတို့ဌာနနှင့် သက်ဆိုင်သော လိုအပ်သည့် အချက်အလက်များအား တိတိကျကျ အချိန်မီပြည့်စုံစွာ ပေးပို့ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အစည်းအဝေးမကျင်းပမီ အထက်ဌာနများသို့ တင်ပြဆုံးဖြတ်ချက်ရယူရန် အကြောင်းအရာများရှိပါက အချိန်မီ ကြိုတင်တင်ပြ ဆောင်ရွက်ထားကြရန်၊ အင်္ဂလိပ်စာ Skill ကျွမ်းကျင်သူများကို တာဝန်ပေးဆောင်ရွက်သွားရန်နှင့် မျိုးဆက်သစ်များအား ပြုစုပျိုးထောင်မွေးထုတ်သွားနိုင်ရေး ကြိုတင်မျှော်တွေး၍ ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခင်အာဆီယံ အစည်းအဝေးများက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ Midterm Report ကို အချိန်မီပေးပို့ဆောင်ရွက်သွားရန်၊ အာဆီယံနိုင်ငံများအတွင်း မိမိတို့နိုင်ငံသည် ရွှေ့ပြောင်းလုပ်သားအများဆုံး နိုင်ငံတစ်ခုဖြစ်သည့်အတွက် အခြားအာဆီယံနိုင်ငံများ၏ လုပ်ဆောင်ချက်များ အားစဉ်ဆက်မပြတ် လေ့လာပြီး အာဆီယံအလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်လေ့လာ၍ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ယခင်တက်ရောက်ခဲ့သည့် 13th SLOM-WG အစည်းအဝေးတက်ရောက်ခဲ့မှုများနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဦးစီးဌာနအလိုက် သက်ဆိုင်သည့် ယခင်အာဆီယံအစည်းအဝေး တက်ရောက်ခဲ့မှုများ၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ လာမည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၂၆)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး (26thALLM) တွင် ပါဝင်ဆွေးနွေးနိုင်ရေး မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်