(၄၇)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၈ ဇန်နဝါရီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တွင် ပြုလုပ်ကျင်းပသည့် (၄၇)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ (47th Myanmar Health Research Congress) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

1

 

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များနှင့် ကျောင်းများ၊ ဆေးရုံများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဌာနအသီးသီးတို့တွင် သုတေသနပြုလုပ်သည့် သုတေသနယဉ်ကျေးမှု ပိုမိုဖြစ်ထွန်းဖွံ့ဖြိုးစေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီး တစ်ရပ်လုံး၏ စွမ်းဆောင်ရည်နှင့် ထိရောက်အကျိုးရှိမှု ပိုမိုမြင့်မားစေရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သော ကျန်းမာရေးသုတေသနကဏ္ဍကြီး ပိုမိုအဆင့်မြင့်မား တိုးတက်စေရန် လမ်းပြမြေပုံချမှတ် ဆောင်ရွက်ရာတွင် အားလုံးပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုပြုလုပ်သော ကျန်းမာရေး သုတေသန ညီလာခံကြီးသည် သုတေသနပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများအားလုံးအတွက် အတွေ့အကြုံနှင့် အသိပညာများ မျှဝေရာနေရာကြီးလည်း ဖြစ်ကြောင်း၊ ညီလာခံတွင် တင်ပြဆွေးနွေးကြသည့် သုတေသနတွေ့ရှိချက်များနှင့် အကြံပြုချက်များကို နေ့စဉ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများတွင် လက်တွေ့အသုံးချဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

ဝန်ကြီးဌာနမှ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် (၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်း (၁၀၀၀)၊ (၂၀၁၈)ခု ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျပ်သန်း (၅၀၀)၊ (၂၀၁၈-၂၀၁၉)ခု ဘဏ္ဍာနှစ်တွင် လက်တွေ့ ကျပ်သန်း (၁၅၀၀) ကို ခွင့်ပြုချထားပေးခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်အတွက်လည်း ပိုမိုခွင့်ပြုချထားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဘဏ္ဍာငွေများကို အသုံးပြု၍ ဝန်ကြီးဌာနရှိ စီမံချက်လုပ်ငန်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ ပိုမိုတိုးတက် မြင့်မားစေရန်အတွက် လက်တွေ့အသုံးချ သုတေသနများ တိုးမြှင့်လုပ်ဆောင်ကြပါရန် တိုက်တွန်းပါကြောင်း၊ INGO/ NGO များ၊ အခြားအဖွဲ့အစည်းများ အနေဖြင့်လည်း ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆေးသုတေသနဦးစီးဌာန၏ လူပုဂ္ဂိုလ်များအပေါ် သုတေသန စမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီ (ethics review committee) (သို့မဟုတ်) ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၏ institutional review board များထံမှ စိစစ်ခွင့်ပြုချက်ကို ရယူပြီး ကျန်းမာရေးသုတေသနများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း။

 

ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ဘွဲ့ကြိုနှင့် ဘွဲ့ကြိုသင်တန်းသားများအတွက် သုတေသနဆိုင်ရာ စွမ်းဆောင်ရည်မြှင့်လုပ်ငန်းများ ဆောင်ရွက်ရန် လမ်းပြမြေပုံ ချမှတ်ရာတွင်လည်း သုတေသနပညာရှင်ကြီးများမှ ပါဝင်ကူညီ ဆောင်ရွက်ပါရန်  တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတကာမှ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ဆေးကုမ္ပဏီ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် ပူးပေါင်းချိတ်ဆက်၍ multi-centric သုတေသနများ ဆောင်ရွက်သွားကြစေလိုပါကြောင်း။

 

ညီလာခံ၏ ခေါင်းစဉ်ဖြစ်သော “Ensure WASH: A global agenda to improve quality of life” နှင့်အညီ ရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းကဏ္ဍများမှ လစ်ဟာချက်များ၊ လိုအပ်ချက်များကို အစိုးရ၊ ပညာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းဆောင်ရွက်၍ လူနေမှုဘဝ အရည်အသွေး မြင့်မားတိုးတက်ရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်သူ တစ်ဦးချင်းအတွက်လည်း ခွဲခြမ်းစိတ်ဖြာ စဉ်းစားဆင်ခြင်နိုင်မှု၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်နှံ့စပ်မှုများ ပိုမိုမြင့်မားလာစေမည် ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများသည် ပညာရပ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(SDG) ရည်မှန်းချက်များ ပြည့်မီစေနိုင်မှု၊ နိုင်ငံတော်နှင့် ပြည်သူ့များ၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို များစွာအထောက်အကူပြုနိုင်သည့် လက်နက်တစ်ခုပင် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညီလာခံတွင် ခင်းကျင်းပြသထားသော ကျန်းမာရေးဆိုင်ရာ သုတေသန ပိုစတာများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ယနေ့နံနက်ပိုင်း စာတမ်းဖတ်ပွဲအစီအစဉ်ကို ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ်လည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက တွဲဘက်သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

 

(၄၇)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးသုတေသန ညီလာခံကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်းမာရေးသုတေသန စာတမ်း (၁၄၁)ခုနှင့် ပိုစတာ (၉၀)ခုတို့ကို ဖတ်ကြားတင်ပြခြင်း၊ နှီးနှောဖလှယ်မှု အစီအစဉ် (Symposium) (၁၀)ခုနှင့် ဟောပြောပွဲ (Scientific Talks) (၈) ခုပါဝင်မည်ဖြစ်သည်။ အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံမှ ကျန်းမာရေးဆိုင်ရာ သုတေသန ပညာရှင်များ၊ INGO/NGO များနှင့် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ ကိုရီးယားနိုင်ငံများမှ သုတေသနပညာရှင်များ တက်ရောက်လျက်ရှိသည်။ 

 

(သတင်းစဉ်)