၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုး

နေပြည်တော် ၂၆ ဒီဇင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (For Lot-1)၊ SEPCO Electric Power Construction Corporation (For Lot-2)တို့အကြား ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး နှစ်အလိုက် တိုးတက်သုံးစွဲလာမည့် ဓာတ်အားကို လိုအပ်ချက်များအတိုင်း ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရာတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိသော ဓာတ်အားနှင့် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံများမှရရှိလာမည့် ဓာတ်အားများကို ဓာတ်အားသုံးစွဲသူ အများအပြားရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းသို့ ပို့လွှတ်ပေးရာ၌ လက်ရှိအခြေအနေတွင် ၂၃၀ ကေဗွီဗို့အား အဆင့်ဖြင့်သာ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူး နေရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှု များပြားခြင်း၊ ဓာတ်အားလိုင်းများ ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်နိုင်သည့်အတွက် ပင်မကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ယခု ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းကို ၂၀၁၄ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

ဓာတ်အားလိုင်းအူကြောင်း ရှာဖွေတိုင်းတာခြင်းကို AF Consultant ၏ အကြံပြုချက်များနှင့်အညီ ဌာနမှ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကုမ္ပဏီများအနေနှင့် သတ်မှတ်ချိန်အတွင်း အရည်အသွေး ပြည့်မီစွာဖြင့် ပြီးစီးအောင် အထူးအလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခု ၅၀၀ ကေဗွီဓာတ်အားလိုင်းသည် မြန်မာနိုင်ငံ ဓာတ်အားစနစ်အတွက် အရေးပါသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ၅၀၀ ကေဗွီဓာတ်အားလိုင်း စီမံကိန်းတစ်ခုဖြစ်သည့်အပြင် ဓာတ်အားလိုင်းပြီးစီးပါက ပြည်သူများကို ဓာတ်အားပျောက်ဆုံးမှု နည်းပါးစွာဖြင့် ဓာတ်အားပိုမို ဖြန့်ဖြူးပေးလာနိုင်မည်ဖြစ်ခြင်း၊ ဓာတ်အားစနစ် ပြတ်တောက်မှု (System Breakdown) ဖြစ်ပွားမှု အကြိမ်ရေ လျော့နည်းစေပြီး ဓာတ်အားစနစ် တည်ငြိမ်မှု ပိုမိုရရှိလာမည် ဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် စီမံကိန်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် Golden China Energy Engineering Group Hunan Electric Power Design Institute Co.,Ltd (CEEC)နှင့် SEPCO Electric Power Construction Corporation (SEPCO) တို့မှ တာဝန်ရှိသူများက ကြိုးဆွဲလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းသည်။

 

ယင်းနောက် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် China Energy Engineering Group Hunan Electric Power Design Institute Co., Ltd (CEEC) မှ Project Manager ၊ SEPCO Electric Power Construction Corporation (SEPCO) မှ Director တို့က လုပ်ငန်းအပ်နှံမှု သဘောတူစာချုပ်များပေါ်တွင် လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ကြသည်။

 

(သတင်းစဉ်)