အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပနိုင်ရန် ပြိုင်ပွဲပုံစံနှစ်မျိုးဖြင့် စီစဉ်ထား

ရန်ကုန် ၂၈ နိုဝင်ဘာ

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပနိုင်ရန် ပြိုင်ပွဲပုံစံနှစ်မျိုးဖြင့် စီစဉ်ထားသည်။

အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပရန် နိုဝင်ဘာ ၂၄ ရက်က ပြုလုပ်သည့် အာဆီယံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်တွင် ထပ်မံအတည်ပြုခဲ့ပြီး ပြိုင်ပွဲရွှေ့ဆိုင်းရခြင်း မဖြစ်ပေါ်စေရန် ပြိုင်ပွဲပုံစံနှစ်မျိုးဖြင့် စီစဉ်ထားခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပရန် ဦးစားပေးစီစဉ်ထားသော်လည်း ပြိုင်ပွဲဝင်အသင်းများ ခရီးသွားလာရန် ခက်ခဲပါက ပွဲစဉ်အားလုံးကို တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံတွင် ကျင်းပမည့် ဒုတိယဦးစားပေး ပုံစံကိုလည်း လျာထားခြင်းဖြစ်သည်။ 

၂၀၁၈ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များကိုပါ အိမ်ရှင်နိုင်ငံ သီးခြားရွေးချယ်ခြင်း မရှိတော့ဘဲ ပြိုင်ပွဲဝင်တစ်သင်းလျှင် အုပ်စုလေးပွဲအား အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို ပုံမှန်အရ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် ကာလတွင် အရှေ့တောင်အာရှနိုင်ငံများ၌ ရောဂါအခြေအနေ ထိန်းချုပ်ပြီး ပုံမှန်အတိုင်း ခရီးသွားလာနိုင်ပါက ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကျင်းပသည့် ၁၉၉၆ ခုနှစ်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ နှစ်ကြိမ်တိုင် တက်ရောက်နိုင်ခဲ့သည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင် ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ခုနစ်မှတ်ဖြင့် အုပ်စုတတိယနေရာသာရပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်