အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ  ဒုတိယအတွင်း ရေးမှူးချုပ်ရာထူး ရွေးချယ်ခန့်အပ်ရေးအတွက် လူတွေ့မေးမြန်းရွေးချယ် 

နေပြည်တော်  ၃၀  နိုဝင်ဘာ

အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ  ဒုတိယအတွင်းရေးမှူးချုပ်ရာထူး ရွေးချယ်ခန့်အပ်ရေးအတွက် လူတွေ့မေးမြန်းခြင်း (Interview Panel) ကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး  Interview Panelist အဖြစ် ပါဝင်တက်ရောက်၍ ရွေးချယ်ပေးသည်။

အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ  ဒုတိယအတွင်းရေးမှူးချုပ် ရာထူးနေရာသို့ မြန်မာနိုင်ငံမှ ဝင်ရောက်လျှောက်ထားသည့် ကိုယ်စားလှယ် (၃)ဦးအပါအဝင် အာဆီယံနိုင်ငံ (၆)နိုင်ငံမှ စုစုပေါင်း ကိုယ်စားလှယ် (၂၁) ဦိးဝင်ရောက်လျှောက်ထားခဲ့ကြသည်။ ပဏာမရွေးချယ်ခြင်း (Shortlisting) အစီအစဉ်သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ပါဝင်တက်ရောက် ရွေးချယ်ပေးခဲ့ပြီး မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ် (၅)ဦးသည် လူတွေ့မေးမြန်းခြင်း (Interview Panel) သို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိခဲ့ကြသည်။ 

လူတွေ့မေးမြန်းခြင်းအစီအစဉ် ကျင်းပမည့် နေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်သည် ဝင်ရောက် ယှဉ်ပြိုင်မှုမှ နှုတ်ထွက်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အကြောင်းကြားခဲ့သည့်အတွက် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ် (၄) ဦးသာ နောက်ဆုံးဆန်ကာတင်အဖြစ် လူတွေ့မေးမြန်းခြင်းအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။

လူတွေ့မေးမြန်းခြင်း အစီအစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ် (၄)ဦးအား Interview Panelist များက အလှည့်ကျမေးခွန်းများ မေးမြန်းပြီးနောက် မဲပေးခြင်း (Voting) အစီအစဉ်ဖြင့် ရွေးချယ်ခဲ့ကြရာ ပထမအဆင့်တွင် စင်ကာပူနိုင်ငံမှ ကိုယ်စားလှယ်က ၄၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်က ၃၆ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကြပြီး ၅၀ ရာခိုင်နှုန်း မကျော်လွန်သည့်အတွက် ဒုတိယအဆင့် ဆက်လက်ရွေးချယ်ခဲ့ရာ စင်ကာပူနိုင်ငံမှ ကိုယ်စားလှယ် Mr. Satvinder Singh က ၆၃ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ရွေးချယ်ခံခဲ့ရသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးနေရာ ရွေးချယ်မှုအား သုံးနှစ် တစ်ကြိမ် ရွေးချယ်ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့် လူတွေ့မေးမြန်းခြင်း အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများပါဝင်၍ မေးခွန်းများ မေးမြန်းခဲ့ကြသည်။ 

သတင်းစဉ်